မလေးရှားနဲ့ ဘောလုံးပွဲအပြီး မြန်မာပရိသတ်တချို့ တိုက်ခိုက်ခံရ
2017.08.22

မနေ့ညကကျင်းပခဲ့တဲ့ မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးမှာ ဘောလုံးပွဲက ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ၈ ယောက်လောက် ဒဏ်ရာရရှိကြတယ်လို့ မလေးရှားနိုင်ငံမှာ မြန်မာအလုပ်သမားတွေ ကို ကူညီပေးနေတဲ့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ မြန်မာအလုပ်သမားတွေထဲက ၁ ယောက်ကတော့ ဆေးရုံမှာ အရေးပေါ်လူနာအနေနဲ့ ကုသနေရပြီး တချို့ကတော့ လက်မောင်းတွေ ခေါင်းတွေမှာ ဒဏ်ရာရကြတာလို့ မနေ့က ဘောလုံးပွဲမှာ မြန်မာ အလုပ်သမားတွေကို ကူညီပေးခဲ့တဲ့ နှလုံးလှပရဟိတလူငယ်များ သွေးလှူရှင်အဖွဲ့ ဥက္ကဌ ဦးသက်ခိုင်စိုး က ပြောပါတယ်။
"တကယ်တန်း ကျနော်ခုနပြောတဲ့ ၇ ခု တိုက်ခိုက်တာမှာ အနည်းနဲ့အများတော့ ဒဏ်ရာရတဲ့သူတွေ ချည်းပဲ၊ ၇ မျိုးတိုက်ခိုက်ခံရတာ၊ ၇ နေရာပေါ့။ ၄ ယောက်သွားတာ တစ်ယောက်တိုက်ခိုက်ခံရတာ။ သူကတော့ ကြီးကြီးမားမားပေါ့ ဆေးရုံမှာ။ ကျန်တဲ့သူတွေကတော့ ခေါင်းပေါက်တာ၊ လက်မောင်းတွေ မှာထိတာ၊ တထောင်ဆစ်တွေမှာထိတာ၊ အားလုံး အဲ့လောက်လောက်ပေါ့။ ၇ ယောက် ၈ ယောက်လောက်ရှိပါတယ်။ နောက်ဘတ်စ်ကားတွေကို ခဲနဲ့ပေါက်တယ်။ အထဲကလူတွေကို လိုက်ရိုက်တာတွေရှိတယ်။ အဲဒီလူတွေ ထွက်ပြေးလို့ လွတ်ခဲ့တာတွေရှိတယ်။"
ဘောလုံးပွဲကအပြန် ကားစောင့်နေတဲ့ မြန်မာအလုပ်သမားတွေကို ဆိုင်ကယ်စီးလာတဲ့ မလေးရှားနိုင်ငံသားတွေ က ဝင်ရောက်တိုက်ခိုက်ခဲ့ကြသလို၊ လမ်းဖြတ်ကူးတဲ့ မြန်မာအလုပ်သမားတစ်ယောက်ကိုလည်း ဆိုင်ကယ်နဲ့ တိုက်ပြီး ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ ကပုန်း ၇ ရက် သားသမီး လူမှုကူညီရေးအသင်းက ဦးဆန်းဝင်း က ပြော ပါတယ်။
မနေ့ညက ဘောလုံးပွဲအပြီးမှာ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ဝင်တွေကိုလည်း ဆိုင်ကယ်ဦးထုပ်တွေ၊ တုတ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်တာတွေရှိတယ်လို့ သိရပါတယ်။