မလေးရှားနဲ့ မြန်မာ ဘောလုံးပွဲ လက်မှတ် ၉ ထောင်နီးပါး ခွဲတမ်းရရှိထား


2017.08.20
football-622.jpg မလေးရှားနိုင်ငံ လက်မှတ်အရောင်းကောင်တာမှာ မြန်မာဘောလုံးပရိသတ်တွေ လက်မှတ်တန်းစီ ဝယ်ယူနေသည်ကို တွေ့ရစဉ်
Photo: Myanmar Football Federation/ Facebook

မြန်မာအသင်းနဲ့  အိမ်ရှင် မလေးရှား အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အတွက် မြန်မာပရိသတ်တွေကြည့် ရှုနိုင်ဖို့ လက်မှတ်ခွဲတမ်း ၉ထောင်နီးပါးရရှိမှာဖြစ်ပြီး လုံခြုံရေးအတွက် မလေးရှားနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းထားတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာတာဝန်ခံ ကိုဇော်မင်းထိုက် က ပြောပါတယ်။

မနက်ဖြန် ကျင်းပမယ့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်ကို မြန်မာပရိသတ်တွေ ပွဲကြည့်ရှုနိုင်အောင် လက်မှတ် ရှစ်ထောင့်ခုနှစ်ရာကို အွန်လိုင်းနဲ့ လက်မှတ်အရောင်းကောင်တာတွေမှာ ဝယ်ယူနိုင်တယ်လို့ မီဒီယာတာဝန်ခံ ကိုဇော်မင်းထိုက် က ပြောပါတယ်။

"အိမ်ရှင်မလေးရှားအနေနဲ့ အရင့်အရင်ပွဲတွေထက်ပိုပြီးတော့  မြန်မာနဲ့ပွဲစဉ်တွေကို အာရုံစိုက်ပြီးတော့ သူတို့လုပ်ပေးထားပါလိမ့်မယ်၊  ကျနော်တို့ ဒီဘက်ကလည်း တောင်းဆိုထားပါတယ်။ ဟိုတနေ့က တချို့ အခက်အခဲလေးတွေ  အနည်းအကျဉ်းရှိတယ်၊ ဖြစ်သွားခဲ့တဲ့ ပြဿနာလေးတွေရှိတယ် အဲဒါတွေကို ချက်ချင်း  သူတို့ကို တင်ပြတယ် ၊ တောင်းဆိုတယ်၊သူတို့ဘက်ကလည်း လိုက်လျောမှု ပေးပါတယ်၊  လုံခြုံရေး ကိစ္စကော တခြား ဒီပရိတ်သက်တွေရဲ့လုံခြုံရေးနဲ့ ကစားသမားတွေရဲ့  လုံခြုံရေးက အစပေါ့နော်၊ လက်မှတ်ခွဲတမ်းကတော့ ခုအွန်လိုင်းမှာ  တင်ရောင်းထားတာ ရှစ်ထောင့်ခုနှစ်ရာ မြန်မာ ပရိတ်သက်တွေအတွက်ပဲလေ၊  မြန်မာပရိတ်သက်တွေအတွက်ပဲ ရှစ်ထောင့်ခုနှစ်ရာ ရှိပါတယ်ခင်ဗျ"

မြန်မာပရိသတ်တွေရဲ့ လုံခြုံရေးနဲ့ အဆင်ပြေပြေ ကြည့်ရှုအားပေးနိုင်ဖို့အိမ်ရှင် မလေးရှား ဆီးဂိမ်း တာဝန်ရှိသူတွေနဲ့ မြန်မာဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေ ဒီနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးရာမှာ ပရိသတ်တွေ လုံခြုံရေးအတွက် မလေးရှားဘက်က အာမခံ ကတိပေးခဲ့တယ်လို့ ကိုဇော်မင်းထိုက်က ပြောပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့ မနက်ဖြန် ပွဲစဉ်အတွက် လက်မှတ်တွေကို အွန်လိုင်း လက်မှတ်အရောင်း ကောင်တာတွေ မှာ ဝယ်ယူနိုင်ပြီး ဒီနေ့ ၁၂ နာရီကနေ ညနေ ၄ နာရီအထိနဲ့ မနက်ဖြန် မနက် ၁၀ နာရီကစတင်ပြီး ပွဲမတိုင်မီအထိ မလေးရှားနိုင်ငံ ရှာအလန်းကွင်းမှာ ရောင်းချ ပေးမှာဖြစ်ပါတယ်။

မြန်မာ အမျိုးသား ဘောလုံးအသင်းအနေနဲ့ အုပ်စုပွဲတက်ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီဖြစ်ပေမယ့် အိမ်ရှင်မလေးရှားအသင်းကို ပုံမှန်ပွဲထွက်လူစာရင်းအတိုင်း အလေးထားယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း မြန်မာနိုင် ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာအမျိုးသားဘောလုံးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ဘယ်အသင်းနဲ့ယှဉ်ပြိုင်ရမလဲဆိုတာ အတိအကျ မပြောနိုင်သေးဘဲ တဖက်အုပ်စုမှာ ဗီယက်နမ်အသင်း က အုပ်စုဗိုလ်ဖြစ်ဖို့များနေပြီး အင်ဒိုနီးရှားနဲ့ ထိုင်းအသင်း တို့ကလည်း အကြိတ်အနယ် ရှိနေတယ်လို့ သိရပါတယ်။

မြန်မာအမျိုးသမီးဘောလုံးအသင်းကတော့ ဒီနေ့ နေ့လည်ပိုင်းမှာ ဗီယက်နမ်အမျိုးသမီးအသင်းကို ရှုံးနိမ့်သွားတဲ့အတွက် အမျိုးသမီးအသင်းကတော့ ရွှေတံဆိပ် ဆုရရှိဖို့ မဖြစ်နိုင်တော့ပါဘူး။

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတော် ဆီးဂိမ်းပြိုင်ပွဲမှာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံက အမျိုးသားခြင်းလုံး ပြိုင်ပွဲမှာ ရွှေတံဆိပ် ၂ခုနဲ့ မြှားပစ်ပြိုင်ပွဲမှာ ငွေတံဆိပ် တစ်ခုရရှိထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။