မလေးရှား ဆီးဂိမ်း လုံခြုံရေး မြန်မာအဖွဲ့တွေ ကူညီမည်
2017.08.20

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဆီးဂိမ်း အမျိုးသားဘောလုံးပွဲမှာ ဒီကနေ့ မြန်မာ ဘောလုံးအသင်းနဲ့ အိမ်ရှင် မလေးရှား အသင်းတို့ အုပ်စု ဗိုလ်လုပွဲ ကစားမှာဖြစ်တာကြောင့် မြန်မာပရိသတ်ကို အကူအညီပေးဖို့ မလေးရှားမှာရှိတဲ့ မြန်မာ ပရဟိတ အဖွဲ့တွေနဲ့ အဖွဲ့ပေါင်းစုံက တာဝန်ယူထားပါတယ်။
မလေးရှားအာဏာပိုင်တွေဘက်ကလည်း မြန်မာပရိသတ် ၈၀၀၀ ကျော်အတွက် နေရာသီးခြား သတ်မှတ်ပေး ထားပါတယ်။ မြန်မာပရိသတ်အနေနဲ့ ကြိုတင်စီစဉ်ထားတဲ့ ဘတ်စ်ကားတွေနဲ့ ကွင်းထဲမှာရှိတဲ့ ကားရပ်နားနေရာကို တိုက်ရိုက်တန်းဝင်ပြီး၊ လုပ်အားပေးအဖွဲ့က နေရာချထားပေးမှာ ဖြစ်ပါတယ်။
လုပ်အားပေးအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုသီဟက အခုလို ပြောပြပါတယ်။
"ကျနော်တို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်တယ်ပေါ့၊ ရန်မဖြစ်အောင်၊ ကျနော်တို့က လာကတည်းက စနစ်တကျ ကားပါကင်ရောက်မယ်၊ အဲဒီက ကျနော်တို့ လက်မှတ်ကောင်တာကိုခေါ်သွားမယ်၊ လက်မှတ်ကောင်တာ ကိုရောက်ပြီဆိုတာနဲ့ လက်မှတ်ဖြတ်မယ်၊ ဂိတ်ဖြတ်မယ်၊ ခန္ခာကိုယ်စစ်ဆေးမယ်၊ ပြီးတာနဲ့ ကျနော်တို့ လူတွေရှိမယ် ထိုင်ခုံတွေဘက်ကိုပေါ့နော်"
အလားတူ ဘောလုံးပွဲပြီးချိန်မှာလည်း ကားပေါ်ရောက်တဲ့အထိ လုပ်အားပေးအဖွဲ့တွေက ပြန်ပို့ပေးပြီး ကွင်းထဲ က ပြန်ထွက်မှာဖြစ်ပါတယ်။ အဖွဲ့အနေနဲ့ မလေးရှားအာဏာပိုင်တွေနဲ့လည်း ညိုနှိုင်းမှုတွေ ဆောင်ရွက်ထားတယ် လို့ သိရပါတယ်။
မြန်မာနိုင်ငံသားတချို့ စိုးရိမ်နေတာက ဘောလုံးပွဲအပြီး အပြန်မှာ နေထိုင်ခွင့်လက်မှတ်မရှိသူတွေကို မလေးရှား ရဲက ဖမ်းဆီးနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအတွက်လည်း ကြိုတင်ညှိနှိုင်းတာတွေရှိတယ်လို့ သိရပါတယ်။
မလေးရှားရောက် မြန်မာပရိသတ်တွေအတွက် ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေနဲ့ပတ်သက်ပြီး လုပ်အားပေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုသီဟကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။