မန္တလေးမှာ ပုဒ်မ ၁၄၄ ရုပ်သိမ်းဖို့ တိုင်းဝန်ကြီးချုပ်ထံ တင်ပြ


2014.07.20
mandalay-305 မန္တလေးမြို့မှာ ဇွန်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုအတွင်း ဖျက်ဆီးခံရတဲ့ ကားတစ်စင်းကို တွေ့ရစဉ်
Photo: Hset Paing Toe / RFA

မန္တလေးမြို့မှာ ည ၉ နာရီကနေ မနက် ၅နာရီထိ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးဖို့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ  တင်ပြတောင်းဆိုထားပါတယ်။

ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းသင့်ပြီလို့ ယူဆ တာကြောင့် တောင်းဆိုတာဖြစ်ကြောင်း မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး ကော်မတီက ပြန်ကြားရေး တာဝန်ခံ ဦးမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

"ည ၉ နာရီအချိန်မီပြန်ကြရတဲ့ အခါကျတော့လေ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးပေါ့ ဒါတွေ အတွက် ထိခိုက်မှှုတွေရှိတယ် ၇ နာရီလောက်က စပြီးဆိုင်ပိတ်ကြရတယ်၊ အလုပ်တွေနားကြရတယ်၊ ညဘက်တွေမှာ ပွဲလမ်းသဘင်တွေလည်း လုပ်ခွင့်မရတော့ဘူး၊ ညမထွက်ရ အမိန့်ကြောင့်မို့လို့လည်း ဖမ်းဆီးတာတွေလည်း ၇၀၀ ကျော်လောက် ရှိတယ်လို့လည်း သတင်းထုတ်ပြန်ဖူးတယ်၊ ဖြစ်စဉ်တွေမှာ တရားခံလို့ ယူဆသူတွေလည်း ဖမ်းဆီးထား ပြီးလို့လည်း ရဲတပ်ဖွဲ့ဝင်တွေဆီက ထုတ်ပြန်တာတွေ သိရတဲ့အခါကျတော့ဒီလောက် ဆိုရင်တော့ ဖြေလျော့ပေးသင့်ပြီဆိုမှ ညမထွက်ရအမိန့်ကို ဖြည်းဖြည်းချင်းလျော့ချသွားဖို့ကိုလည်း ဝန်းကြီးချုပ်ကြီးကို လိပ်မူပြီးတော့မှ မေတ္တာရပ်ခံ တင်ပြတာပါ"

ည ၉နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရတာကြောင့် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတာတွေမှာ အခက် အခဲတွေ ကြုံတွေ့နေရတယ်လို့လည်း ဝန်ကြီးချုပ်ထံ တင်ပြစာမှာ ပါရှိတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်၊ မဟာအောင်မြေ၊ ပုသိမ်ကြီးစတဲ့ မြို့နယ် ၇ မြို့နယ်မှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုလ ၁ ရက်နေ့ညက မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံ ရတယ်ဆိုပြီး ကောလာဟလကနေ စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ဖြစ်စဉ်ဟာ လိမ်လည်ပြီး တိုင်တန်းတဲ့ အမှုှု သာဖြစ်ကြောင်း မနေ့ညက နိုင်ငံပိုင်ရုပ်သံမီဒီယာတွေမှာ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။