မန္တလေး ပဋိပက္ခ နောက်ထပ် လူ ၈ ဦး ဖမ်းဆီး


2014.07.18
mandalay-obstreperous-305 မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးတင်းကြပ်ထားစဉ်
Photo:Hsat paing toe / RFA

မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သံသယရှိသူ နောက်ထပ် ၈  ဦးကို ဖမ်းဆီးလိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပဋိပက္ခမှာပါဝင် မှုကြောင့် ဖမ်းဆီးထားသူ စုစုပေါင်း ၄၂ ဦးရှိသွားပြီဖြစ်ပြီး၊ သူတို့ကို လူသတ်မှု၊ မီးရှိှု့မှု၊ လှုံ့ဆော်မှု၊ တရားမဝင် လက်နက်ကိုင်ဆောင်မှု စတဲ့ပုဒ်မတွေနဲ့ တရားစွဲဆိုထား တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်း သိမ်းရေးကော်မတီ အနေနဲ့ ညမထွက်ရအမိန့်ကို နာရီလျှော့ချပေးဖို့ အာဏာပိုင်တွေထံ မေတ္တာရပ်ခံ သွားမယ်လို့ ကော်မတီအဖွဲ့ဝင် စာရေးဆရာ ဦးမင်းထက်ငြိမ်းချမ်းက ပြောပါတယ်။

"ရက်ရှည်လာတဲ့အခါမှာ ကျနော်တို့ ဘာသာရေး၊ စီးပွားရေး၊ လူမှှုရေး၊ ပညာရေး၊ ယဉ်ကျေးမှှုပေါ့လေ အများကြီး ထိခိုက်တာတွေ ရှိနေပါတယ်၊ အဓိကတော့ ညပိုင်းမှာ လက်လုပ်လက်စားတွေပေါ့၊ ဥပမာ ပန်းသည်တွေ ကုန်စိမ်းသည်တွေ နောက်ပိုင်း ညပိုင်းမှာ ကျနော်တို့ တွန်းလှည်းကအစပေါ့ဗျာ ဘာပဲဖြစ်ဖြစ်အများစု ပင်ပန်းဆင်းရဲသူသည် လူတန်းစားတွေလည်း ထိခိုက်တာတွေ ရှိနေတယ်ဆိုတာတွေလည်း ကျနော်တို့ သိစေချင်တယ်၊ ကြားနေရတယ် ဒါကြောင့်မို့ လို့ တော်တော်များများလည်း မြို့လူထူအနေနဲ့ ဆိုလို့ရှိရင်လည်း ဒီဟာကို လျော့ချပစ်တယ်ဆိုတဲ့ ဆန္ဒသဘောထားတွေလည်း ကျနော်တို့ သိရှိလာတဲ့အတွက် ကျနော်တို့ သက်ဆိုင်ရာတာဝန်ရှိသူများကို ကျနော်တို့ကနေမှ မေတ္တာရပ်ခံပြီးတော့မှ ဒါကို ကျနော်တို့ တင်ပြတဲ့ သဘောပါ"

မငြိမ်သက်မှုတွေကြောင့် မန္တလေးမြို့က မြို့နယ် ၇ ခုလုံးမှာ အခုလ ၃ ရက်နေ့ကစလို့ ညမထွက်ရ အမိန့် ထုတ်ပြန် ထားဆဲဖြစ်ပြီး၊ အမိန့်ချိုးဖောက်သူ ၃၄၆ ဦးကို ဖမ်းဆီးတရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၁၄၅ ဦး ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပြီး၊ ၂၀၁ ဦးကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်း နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။