မန္တလေးမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ကြေညာ
2014.07.03

မန္တလေးမြို့မှာ နှစ်ညဆက်တိုက်ဖြစ်ပွားခဲ့တဲ့ ဆူပူမှုတွေကြောင့် ည ၉နာရီကနေ မနက် ၅နာရီအထိ အပြင်မထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ကြာသပတေးနေ့ ညနေပိုင်းက ထုတ်ပြန်လိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ညကနေ ကြာသပတေးနေ့ မနက်ပိုင်း အထိ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုမှာ ဗုဒ္ဓဘာသာဝင်အမျိုးသား တစ်ဦးနဲ့ မွတ်စလင်အမျိုးသား တစ်ဦး သေဆုံးခဲ့ပြီး၊ ဆူပူမှုနဲ့ ဆက်စပ်တယ်လို့ ယူဆရသူ ၄ဦးကို ဖမ်းဆီးထားကြောင်း၊ ဆူပူမှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ရှာဖွေဖော်ထုတ်သွားမှာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
"ဆက်ပြီးဆောင်ရွက်သွားမယ့် အစီအစဉ်နဲ့ တပါတည်းပဲ မည်သူမည်ဝါမခွဲခြားပါ၊ အခုဆိုရင် ၄ ယောက် ဖမ်းဆီးရမိထားတယ်၊ နောက်ထပ် ကျူးလွန်ထားတဲ့ပြစ်မှုပေါ်မှာ ဖော်ထုတ်ပေးဖို့ အခုမြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်နေဆဲပါ၊ ဖော် ထုတ်ရနိုင်မယ်လို့လည်း ထင်ပါတယ်၊ အဲဒီလိုကိစ္စရပ်တွေ လည်း ကျနော်တို့ ဆောင်ရွက်ဆဲဖြစ်ပါတယ်"
သေဆုံးသူ နှစ်ဦးဟာ တစ်နေရာစီမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း ရရှိခဲ့တဲ့ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး၊ ဆူပူအကြမ်းဖက်မှုတွေကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၁၄ ယောက်ရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့ ၂၇ လမ်းနဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်က ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ဆိုင်ပိုင်ရှင်ရဲ့သားဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း အင်တာနက်မှာ သတင်းထွက်ပေါ်ခဲ့ရာကနေ ဇူလိုင်လ ၁ ရက်နေ့ည ၇ နာရီလောက်က အဲ့ဒီလက်ဖက်ရည်ဆိုင်အနီးမှာ အဓိကရုဏ်းစတင်ခဲ့တာလို့ သိရပါတယ်။
မန္တလေးမြို့ အဓိကရုဏ်းနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ အမေရိကန်သံရုံးကလည်း အကြမ်းဖက်မှု၊ လူသေဆုံးမှုတွေအတွက် အထူးစိုးရိမ်ကြောင်း၊ တရားမျှတမှု၊ တည်ငြိမ်မှု၊ ဖွွံ့ဖြိုးတိုးတက်မှုတွေ ရရှိရေးအတွက် မရှိမဖြစ်လိုအပ်တာဟာ တရားဥပဒေစိုးမိုးမှုသာဖြစ်ပြီး၊ ကောလာဟလတွေ၊ လူစုလူဝေးနဲ့ အကြမ်းဖက်တာတွေ မဟုတ်ကြောင်း၊ ရဲတပ်ဖွဲ့အနေနဲ့လည်း အားလုံးကို အကာအကွယ်ပေးပြီး၊ ကျူးလွန်သူတွေကို အရေးယူဖို့တိုက်တွန်းကြောင်း Twitter လူမှုကွန်ရက်မှာ ဖေါ်ပြထားပါတယ်။
ဒီအတွင်း မန္တလေးမြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ထုတ်ပြန်တယ်ဆိုတဲ့ ကြေညာချက်အတုတွေ ထွက်ပေါ်နေတာကြောင့် ဖြန့်ဝေသူကိုသိရှိရင် ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုမယ်လို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
မန္တလေးမြို့မှာ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။
မန္တလေးမြို့ရဲ့ ဒီကနေ့ နောက်ဆုံးအခြေအနေအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။
မန္တလေးမြို့မှာရှိတဲ့ နိုင်ငံရေးနဲ့လူမှုအဖွဲ့အစည်းတွေ ဒီကနေ့ သောကြာနေ့မှာတွေ့ဆုံပြီး သမ္မတ ဦးသိန်းစိန်ထံ မေတ္တာရပ်ခံပေးပို့မယ့် ကြေညာချက်တစောင်ထုတ်ပြန်ဖို့ အစီအစဉ်ရှိကြောင်း သိရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ အထက်မြန်မာပြည်တာဝန်ခံ ဦးသိန်းအောင်မြင့်ကို ကြာသပတေးနေ့ညက ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
မန္တလေးမြို့ရဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး မန္တလေးမှာရှိတဲ့ အာဖက်အေ သတင်းထောက် ကိုဆက်ပိုင်တိုးနဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ပါ။