မန္တလေးတိုင်း ပုဒ်မ ၁၄၄ အမိန့် အချိန် နှစ်နာရီ လျှော့ချ
2014.07.21

မန္တလေးတိုင်းဒေသကြီးအတွင်းက ၇ မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာကို ဒီကနေ့မှာ အချိန်နှစ် နာရီ လျှော့ချသတ်မှတ်လိုက်ပါတယ်။
ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ အောင်မြေသာစည်၊ မဟာအောင်မြေ စတဲ့ မြို့နယ်တွေမှာ ညမထွက်ရအမိန့် ကို ည ၉ နာရီကနေ နံနက် ၅ နာရီအထိ သတ်မှတ်ထား ရာက ည ၉ နာရီကနေ နံနက် ၃ နာရီအထိဆိုပြီး အချိန် ၂ နာရီ လျှော့ချလိုက်တာနဲ့ ပတ်သက်လို့ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့က ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်က RFA ကို အခုလို ပြောပါတယ်၊
"မန္တလေးခရိုင်အတွင်းမှာရှိတဲ့ မြို့နယ် ၇ မြို့နယ်လုံးမှာ ည ၉ နာရီကနေ မနက် ၃ နာရီအထိကို ပြောင်းလဲ လိုက်တာပါ၊ အချိန်တန်ရင်တော့ ကျနော်တို့ ရုပ်သိမ်းပေးမှာပါ၊ အရင်ထက်စာရင်တော့ အများကြီး တည်ငြိမ်အေးချမ်းမှု ရှိလာပါတယ်ခင်ဗျ၊ လုံခြုံရေး အခြေအနေကတော့ ပုံမှန်အတိုင်းပါပဲ"
မန္တလေးမြို့မှာ အခြေအနေတွေက တည်ငြိမ်အေးဆေးနေပြီဖြစ်တဲ့အတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ရုပ်သိမ်းပေးဖို့ ‘မန္တလေးမြို့ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ကော်မတီ’ က မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆိုခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ အခုလို အချိန်လျော့ချပေးခဲ့တာဖြစ်ပါတယ်။ အဲဒီညမထွက်ရအမိန့် ချိုးဖောက်သူ ၃၀၀ ကျော်ကို ဖမ်းဆီးတရားစွဲဆိုထားပြီး အဲဒီထဲက ၁၄၅ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ပေမယ့် ၂၀၁ ဦးကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့လည်း နိုင်ငံပိုင်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်၊
အချိန်လျှော့ချသတ်မှတ်လိုက်ပေမဲ့ ရဲအင်အားလျှော့ချသွားမှာမဟုတ်ဘဲ လက်ရှိရဲအင်အား ၅၀၀ ကျော်နဲ့ လှည့်ကင်း၊ ရပ်ကင်းနဲ့ လုံခြုံရေးကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က ဒုတိယရဲမှူး ဦးဇော်မင်းဦးက ပြောပါတယ်။
အကြမ်းဖက်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့်ဇူလိုင်လ ၃ ရက်နေ့က စတင်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၇ ခုကို ပုဒ်မ ၁၄၄ ထုတ်ပြန်သတ်မှတ်ထားခဲ့တာဖြစ်ပါတယ်။