မန္တလေးမှာ ထပ်မံဆူပူ၊ လူ ၂ ဦးသေဆုံး
2014.07.03

မန္တလေးမြို့မှာ ဗုဒ္ဓဟူးနေ့ မနေ့ညက အဓိကရုဏ်းထပ် မံဖြစ်ပွားပြီး လူ ၂ ဦးသေဆုံးကာ တချို့ဒဏ်ရာ ရရှိခဲ့ပါ တယ်။ သေဆုံးမှုတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာရဲ့ အတည်ပြုချက်ကိုတော့ မရရှိသေးပါဘူး။
မန္တလေးမြို့ခံ NLD အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးဇော်ဝင်း က မနေ့ည သန်းခေါင်ကျော်မှာ ဆိုင်ကယ်စီးလာသူတွေက မွတ်စလင် ဘာသာဝင်အိမ်တွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ဖျက်ဆီးနေကြောင်း RFA ကို ခုလိုပြောပါတယ်။
"၈၂ လမ်းနဲ့ ၈၃ လမ်းမှာ ဆိုင်ကယ်အစီး ၄၀၊ ၅၀ လောက်ဆူပူနေကြပါတယ်ခင်ဗျ၊ လူငယ်တွေ ပါပဲဗျ၊ တခြားဘာသာဝင်တွေ မမြင်ရဘူးပေါ့၊ ခဲတွေနဲ့ထုတာ ဘာညာအဲ့လိုတော့ လုပ်ပါတယ်"
မနေညက မွတ်စလင်ရပ်ကွက်တွေအတွင်း ဝင်ရောက်ဖျက်ဆီးဖို့ ကြိုးစားမှှုတချို့ရှိခဲ့ကြောင်း ကြားသိရတယ်လို့လည်း ဦးအေးက ပြောပါတယ်။
"ကျနော်တို့ အဲ့အရှေ့ကိုးရိုးဗလီမှာတော့ ၇ ဦး၊ ရမ်းကားတဲ့လူ ၇ ဦးဝင်လာတယ်လို့ ကြားရတယ်၊ ၇ ဦး ရမ်းကားတဲ့လူ ဝင်လာတာကို ကျနော်တို့ ရပ်ကွက်လုံခြုံရေးတွေ၊ ကျနော်တို့ မွတ်စလင်လူငယ်တွေအားလုံး ဝိုင်းဝန်းဖမ်းဆီးတဲ့အခါမှာ ၆ ဦးက လူလွတ်သွားပြီးတော့ ဆိုင်ကယ်နှစ်စီး ကျန်ခဲ့တယ်လို့လည်း ကြားပါ တယ်၊ ဆိုင်ကယ်နှစ်စီးနဲ့ လူတစ်ယောက် ဖမ်းမိ တယ်လို့ ဖမ်းမိတယ်ဆိုတော့ အဲ့ဥစ္စာကို ဘယ်လိုဆက်ပြီး စီစဉ်မလဲဆိုတာကိုတော့ ကျနော်မသိရပါဘူး၊ နောက် တစ်နေရာမှာ အမြောက်သန်းကြီးမှာတော့ ကျနော်တို့ တစ်ယောက်ဖမ်းမိတယ်လို့ ကျနော်တို့ သိရတယ်၊ အဲ့ဒီဖမ်းမိတဲ့ တစ်ယောက်ကိုတော့ အိုဘီဒီရောက်တယ် လို့တော့ သတင်းကြားတယ်၊ ဒီ့အရင်တစ်ရက်က ကိစ္စကတော့ ကျနော်တို့ မွတ်စလင်နှစ်ယောက် သေနတ် မှန်တယ်ခင်ဗျ၊ သေနတ်မှန်တယ်ဆိုတာ သူတို့ရာဘာကျည်လို့ ပြောသံကြားတယ်၊ မသေဘူးလို့သိရတယ်"
လက်ရှိမှာ လုံခြုံရေးတပ်ဖွဲ့တွေက သူတို့ကိုရပ်ကွက်ကနေ အပြင်ကိုထွက်ခွင့်မပေးတဲ့အတွက် အကျဉ်းစခန်းမှာ နေထိုင် ရသလိုခံစားနေကြရပြီး လာရောက်အကြမ်းဖက်မယ်ဆိုတဲ့ ကောလာဟလတွေ ဆက်တိုက်ဆိုသလို ကြားနေရတဲ့ အတွက် သူတို့မွတ်စလင်အားလုံး အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြတယ်လို့လည်း ဦးအေးက RFA ကို ပြောပါတယ်။
အခင်းဖြစ်ပွားရာ ချမ်းအေးသာဇံမြို့နယ်မှာ သက်ဆိုင်ရာက လုံခြုံရေးအင်အား အများအပြားချထားတဲ့ကြားက ဆူပူမှှုတွေအခုလိုထပ်မံဖြစ်ပွားတဲ့အတွက် မြို့ခံလူထုက အစိုးရကို ပြစ်တင်ပြောဆိုနေကြပါတယ်။ ဒီအတောအတွင်း ဂဠန်နီဆရာတော်နဲ့ ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့တွေက ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် မြို့လုံးအနှံ့ လိုက်လံဟောပြောနေကြတယ်လို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့ မနေ့ညက ထပ်မံဖြစ်ပွားတဲ့ ဆူပူမှှုတွေနဲ့ ပတ်သက်ပြီး မန္တလေး NLD တိုင်းစည်း အတွင်းရေးမှူး ဦးမျိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းထားတာကို နားဆင်ပါ။
မန္တလေးမြို့ရှိ RFA သတင်းထောက် ကိုဆက်ပိုင်တိုးနဲ့ တိုက်ရိုက်ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။