မန္တလေးတိုင်း တရားသူကြီးချုပ်သစ် အတည်ပြုခန့်အပ်

2020.12.02
မန္တလေးတိုင်း တရားသူကြီးချုပ်သစ် အတည်ပြုခန့်အပ် မန္တလေးတိုင်းလွှတ်​တော် အစည်းအဝေးကို ၂၀၂၀ ဒီဇင်ဘာ ၂ရက်နေ့က ကျင်းပစဉ်
Photo: Khaymani Win / RFA

မန္တလေးတိုင်း တရားလွှတ်တော်မှာ တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးကြည်သိန်း (ခ) ဦးကြည်သိန်းအောင်ကို တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက မနေ့က အဆိုပြုထားတာကို တိုင်းဒေသကြီးလွှတ်တော်က ဒီကနေ့ ကျင်းပတဲ့ အစည်းအဝေးမှာ အတည်ပြု ခန့်အပ်လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ နည်းဥပဒေ ၅၁၊ နည်းဥပဒေ (ခ) အရ အဆိုပြုခံရသူကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၃၁၀) ပါ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ မပြည့်စုံရင် ကန့်ကွက်နိုင်ကြောင်း ကြေညာထားပေမယ့် ကန့်ကွက်သူမရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောပါတယ်။

“ နိုင်ငံတော်သမ္မတက အဆိုပြုတဲ့ ဦးကြည်သိန်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ အရ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် လွှတ်တော်က သဘောတူကြောင်း ကြေညာအပ်ပါတယ်”

တရားသူကြီးချုပ်အနေနဲ့ တရားရုံးတွေမှာ လွဲချော်နေတဲ့ လုပ်ဆောင်ချက်တွေကို သေချာကိုင်တွယ်စေလိုတယ်လို့ မန္တလေးဒေသခံ ဦးသိန်းအောင်မြင့်က ပြောပါတယ်။

“ တရားစွဲဆိုမှုတွေမှာ တချို့ဆို ပုံစံတွေကတူနေပြီး ပုဒ်မတွေအမျိုးမျိုးနဲ့ တရားရုံးတွေမှာ ပတ်စွဲနေတယ်။ ကျောင်းသားတွေကိစ္စဆို သိသာတယ်။ ဒါတွေက တရားရေးအတွက်လည်း အဓိပ္ပါယ်မရှိဘူး၊ နောက်ပြီး တရားရေးဝန်ထမ်းတွေ မှန်မှန်ကန်ကန် ဆောင်ရွက်နေရဲ့လား၊ တရားရုံးတွေကို လေ့လာခွင့်တွေပေးသင့်တယ်။ နောက်ပြီး တရားရုံးမှာ ပွဲစားတွေ အရမ်းများနေတယ်။ ဒါမျိုးတွေက မဖြစ်သင့်ပါဘူး။ ဒါတွေကိုလည်း စိစစ်ပြီးတော့ တရားရေးဌာနအနေနဲ့ စိစစ်ပြီးအရေးယူသင့်တယ် “

တိုင်းဒေသကြီး တရားသူကြီးချုပ်ရဲ့ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်ကို သမ္မတက မနေ့က (ဒီဇင်ဘာ ၁ ရက်နေ့က) တင်သွင်းခဲ့တာဖြစ်ပြီး ဒီနေ့ (ဒီဇင်ဘာ ၂ ရက်နေ့) အတည်ပြုခဲ့တာပါ။

ယခင်တရားသူကြီးချုပ်ဖြစ်တဲ့ ဦးစိုးသိန်းဟာ သက်ပြည့်အငြိမ်းစား ယူသွားတာကြောင့် အစားထိုးခန့်အပ်တာလို့ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။