မန္တလေးမှာ အမျိုး၊ ဘာသာအရေး မဲဆွယ်သူ အမှုဖွင့်ခံရ


2020.11.13
religious-campaigners-622.jpg အမျိုး၊ ဘာသာ၊သာသနာ စောင့်ရှောက်သူ မဲပေးရေး စတစ်ကာကမ်းပိန်း ဦးဆောင်သူ နှစ်ယောက်ကို ၂၀၂၀ နိုဝင်ဘာ ၃ရက်နေ့က ဖမ်းဆီးသွားစဉ်
Photo: Khaymani Win / RFA

အမျိုးဘာသာသာသနာ စောင့်ရှောက်သူကို မဲပေးကြဖို့ မန္တလေးမြို့မှာ လှုံ့ဆော်ခဲ့သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ရှေ့နေ ဦးဇော်ဝိတ်က သူ့ကို အောင်မြေသာစံမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ RFA ကို ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။

လတ်တလော ရဲစခန်းရောက်နေလို့ အသေးစိတ် မဖြေနိုင်သေးကြောင်း တရားလွှတ်တော် ရှေ့နေ ဦးဇော်ဝိတ်က ပြောပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာ ပေါ်ပေါက်တဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ၁၁ ရက်နေ့မှာ အောင်မြေသာစံမြို့ နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၈ (ဂ) နဲ့ အမှုဖွင့်ထားခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီပုဒ်မဟာ လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြုပြီး ဆန္ဒမဲပေးရန် လည်းကောင်း၊ ပြောဆိုခြင်း၊ ကြေညာချက်ထုတ်ပြန်ခြင်း၊ အားပေးလှုံ့ဆော်ခြင်းတို့နဲ့ သက်ဆိုင်ပါတယ်။

၅၈ (ဂ) ကို ကျုးလွန်ကြောင်း စစ်ဆေးတွေ့ရှိရရင် တစ်နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ကိုဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုတဲ့ ငွေဒဏ်ကိုဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ကျခံရနိုင်တယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ဖော်ပြ ထားပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်သူကို မဲပေးရေး မန္တလေးမှာ လှုံ့ဆော်ခဲ့ကြရာမှာ ရဲတပ်ဖွဲ့က သူတို့ကို တားမြစ်ခဲ့တာ တွေ့ရပါတယ်။

ဒီလှုပ်ရှားမှုဟာ ဦးဝီရသူ ရန်ကုန်မြို့မှာ အဖမ်းခံရပြီး နောက်တစ်ရက်မှာ လုပ်ခဲ့တာဖြစ်ပြီး ဒီဆောင်ရွက်ချက်က  ဦးဝီရသူ ဖမ်းဆီးခံရတာနဲ့ မသက်ဆိုင်ဘူးလို့ လှုပ်ရှားမှုကို ဦးဆောင်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။