ကမ်းပါးပြိုမှု အကာအကွယ်ပေးဖို့ လွှတ်တော်က ပယ်ချထားတဲ့နေရာမှာ ကမ်းထပ်ပြို

ခေမဏီဝင်း
2020.08.19

ဧရာဝတီမြစ်ရေကြီးမှုကြောင့် မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာ ရေဘေးဒုက္ခသည်တချို့ ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရပါတယ်။ စဉ့်ကူးမြို့နယ် မြေနုကျေးရွာမှာ မြစ်ရေတိုက်စားပြီး ကမ်းပါးတွေပြိုကျလို့ နေအိမ်တချို့ ပြောင်းရွှေ့နေရပါတယ်။ ကမ်းပါးပြိုမှုတွေ နှစ်စဉ်ဖြစ်နေတာကို အစိုးရက အကာအကွယ်ပေးဖို့ လွှတ်တော်မှာ တင်ပြခဲ့ပေမယ့်လည်း ပယ်ချခံခဲ့ရပါတယ်။

ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စဉ့်ကူးမြို့နယ်က မြေနုရွာမှာ မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုပြီး လူနေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေ ၂၀၁၇ ခုနှစ်က စပြီး နှစ်စဉ်ဖြစ်နေတာပါ။

ဒီနှစ်တစ်နှစ်ထဲမှာတင် ကမ်းပါးပြိုတာကြောင့် ရွာထဲက အိမ် ၁၉ လုံးကို ပြောင်းရွှေ့ထားရပြီး နောက်ထပ် ၁၀ အိမ်လောက် ထပ်မံပြောင်းရွှေ့ရဖို့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေးနှစ်တာကာလအတွင်း ပျက်စီးသွားတဲ့ လူနေအိမ် ၈၀ လောက်ရှိပါတယ်။

ဒေသခံရွာသားတစ်ယောက်ဖြစ်တဲ့ ဦးမြင့်အောင်က လေးနှစ်အတွင်း ရွာမြေတခြမ်း ကုန်သွားပြီလို့ ပြောပါတယ်။

“မိုးလင်းပြီဆိုကတည်းက ရွာသူ၊ ရွာသားတွေက ဒီရာသီရောက်ရင် ကျေးရွာတာဝန်ခံတွေက မိုးလင်းရင် ကိုယ့်အိမ်က ကမ်းပါးကိုကြည့်ပြီး ဘာလုပ်ရင်ကောင်းမလဲ တိုင်ပင်ကြတယ်။ ဆက်ပြီးမထိန်းနိုင်ရင် အောက်ကရွာတွေပါကုန်မှာ။ ရေလမ်းကြောင်းပြောင်းသွားမှ အားလုံးသက်သာမှာ။ ရွာက သဲမြေများတော့ ရေတိုက်အား မခံနိုင်ဘူး”

ဦးမြင့်အောင်ရဲ့ နေအိမ်ကလည်း ပြီးခဲ့တဲ့ ၂၀၁၈ ကတည်းက ရေတိုက်စားခံခဲ့ရတာဖြစ်ပါတယ်။

ရေလမ်းကြောင်း ပြောင်းလာတဲ့အတွက် ရွာကို ရေတိုက်စားလာတာလို့ ဒေသခံတွေက ယူဆထားပြီး ရေနည်းချိန် ဒီဇင်ဘာလောက်မှာ မြစ်ကြောင်း ပြုပြင်တာကို ရွာအင်အားနဲ့ လုပ်ဆောင်ထားကြပေမယ့် အခုလို ဇွန်၊ ဇူလိုင်လတွေမှာတော့ အရှိန်ပြင်းတဲ့ ရေတိုက်စားမှုဒဏ်ကို ရွာကမ်းပါးတွေက မခံနိုင်ကြပါဘူး။

မြေနုရွာဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ခြောက်ဆယ်လောက်ကလည်း ရေတိုက်စားခဲ့တဲ့အတွက် ရွာလုံးကျွတ် လက်ရှိနေထိုင်တဲ့နေရာကို ပြောင်းရွှေ့လာခဲ့တာ နှစ်လေးဆယ်လောက် ရှိနေပြီလို့ သိရပါတယ်။

ကမ်းပါးစပြိုတဲ့ ၂၀၁၇ ခုနှစ်မှာ အစိုးရဘတ်ဂျက်နဲ့ ကျပ်သိန်းပေါင်း ၂၄၀၀ အကုန်ကျခံပြီး ရေကာတာ တည်ဆောက်ပေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ အဲ့ဒီရေကာတာရဲ့ အောက်ခြေမှာ ပေ ၅၀၀ လောက် ပျက်သွားလို့ ဒီနှစ်မှာ ပြန်ပြင်ပေးခဲ့တယ်လို့ ဟင်္သာဖိုအုပ်စု ဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းကျော်ဗိုလ်က ပြောပါတယ်။

“ ဒီနှစ် ပြင်ထားတဲ့ ရေကာတာ ပေ ၂၀၀ လောက်ပျက်စီးသွားတယ်။ ရေက ပြန်တိုးနေတော့ စိုးရိမ်ရတယ်။ ရေများလာရင် ကမ်းကပြိုဦးမှာ။ ရေက ပြန်သွားအောင်တိုးရင်လည်း မပြန်တော့ဘူး၊ ရေပြန်ကျရင် ဆက်ပြိုတယ်။ ရေနဲ့ဝေးရာ ရွာအနောက်ပိုင်းကို ရွှေ့ကြရမှာ။ တချို့ကလည်း ကိုယ်ပိုင်မြေလည်းရှိတယ်။ ဆွေမျိုးတွေက ပေးတာလည်းရှိတယ်။ ကိုယ်ပိုင်မြေ ရှိတဲ့သူလည်း ရှိတယ်”

မြစ်ရေတိုက်စားတာကြောင့် ကမ်းပါးပြိုနေတာကို ကာကွယ်ပေးဖို့ သဘာဝဘေးအန္တရာယ်အနေနဲ့ အရေးပေါ်လုပ်ပေးဖို့လိုအပ်နေကြောင်း ပြီးခဲ့တဲ့ ၁၉ ကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ တင်ပြခဲ့ပေမယ့် မေးခွန်းပယ်ချခံခဲ့ရတယ်လို့ စဉ့်ကူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦးက ပြောပါတယ်။

“ မြို့ကြီးပြကြီးတွေ သဘာဝဘေးဖြစ်တော့ လူကြီးတွေ အရောက်အပေါက်မြန်တော့ တောက်လျှောက်ဖြစ်တယ်။ နယ်တွေမှာ သဘာဝဘေးဖြစ်ရင်  လွှတ်တော်ကလည်း ပိုက်ဆံရှိတာမဟုတ်ဘူး။ အစိုးရကမှရှိတာ။ အစိုးရက နယ်ကအတွေ့ကြုံ တို့လောက်မသိနိုင်ဘူး။  အမရပူရမှာ ဖြစ်သွားတယ်။ သူတို့ဘယ်လိုဘတ်ဂျက်နဲ့ လုပ်လည်းမသိဘူး။ နယ်တွေမှာသာ ဘတ်ဂျက်က စဉ်စားနေရတာ။ ဘတ်ဂျက်ရာသီနော်။ ဒါတွေကိုလည်း တတ်နိုင်သလောက် အမြန်ဆုံးလုပ်ပေးစေချင်တယ်”


တိုင်းဒေသကြီး လွှတ်တော် ၁၉ ကြိမ်မြောက် အစည်းအဝေးမှာ မြစ်ကမ်းပါးပြိုတာတွေနဲ့ ပတ်သက်ပြီး မေးခွန်းပယ်ချခံခဲ့ရပေမယ့် လာမယ့် ၂၇ ရက်နေ့မှာ ကျင်းပမယ့် အကြိမ် ၂၀ မြောက် အစည်းအဝေးမှာ မေးခွင့်ရဖို့ ကြိုးစားသွားဦးမယ်လို့ ပြောပါတယ်။

ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာအချို့လည်း အခုလ ၁၇ ရက်နေ့က စပြီး ရွှေ့ပြောင်းနေကြရတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းအတွင်းမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ လေးနှစ်တာကာလအတွင်း ဧရာဝတီမြစ်နဲ့ တခြားမြစ်ချောင်းတွေ ကမ်းပြိုတာကာကွယ်ရေးနဲ့ ရေလမ်းကောင်းမွန်ရေးအတွက် လုပ်ငန်းပေါင်း ၈၅ ခု ဆောင်ရွက်ထားတယ်လို့ မန္တလေးတိုင်း ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။