အမျိုးသားပညာရေး ဥပဒေမူကြမ်း ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြ


2014.07.21
mdy-students-protest-305.jpg အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ကျောင်းသူကျာင်းသား ၅၀ လောက် မန္တလေး ရတနာပုံတက္ကသိုလ်ရှေ့မှာ ဇူလိုင်လ ၂၁ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်က ကျောင်းသား ၊ ကျောင်းသူ ၅၀ လောက်ဟာ  အမျိုးသားလွှတ်တော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဒီနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ဥပဒေအဖြစ် အတည်မပြုနိုင်အောင် ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ် သွားမယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုဉာဏ်ထိန်လင်းက အခုလိုပြော ပါတယ်။

"အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကအတည်ပြုသွားပြီ၊ ကျနော်တို့ ဒီဥပဒေအတည်မပြုမီ ကန့်ကွက်သွားဖို့ အချိန်အရမ်းနည်းသွားတဲ့အတွက် ကျနော်တို့ စာရွက်ဝေတဲ့အဆင့်ကိုထားခဲ့ပြီးတော့ ဒီဆန္ဒပြပွဲကို လုပ်ဖြစ်သွားတာပါ၊ ဒီဆန္ဒပြပွဲကိုလည်း နှစ်ပတ်ကို တစ်ကြိမ်လောက် လုပ်သွားဖို့ရှိတယ်၊ သမ္မတ လက်မှတ်မထိုးတဲ့အချိန်အထိ ကျနော်တို့ အရှိန်အဟုန်နဲ့လုပ်ဖို့ရှိတယ်၊ သမ္မတလက်မှတ်ထိုးတဲ့အခါ တကယ်လို့ ဒီဥပဒေပဲ အတည်ပြုသွားမယ်ဆိုရင် ကျနော်တို့ ဒီဥပဒေဖျက်သိမ်းရေးအတွက် ဆက်ပြီးတော့ တောင်းဆိုတိုက်ပွဲဝင်ဖို့ရှိတယ်"

အဲဒီ ကျောင်းသူ ကျောင်းသားတွေဟာ ရတနာပုံတက္ကသိုလ်၊ ကျောက်ဆည် နည်းပညာကောလိပ်နဲ့ မန္တလေး နည်းပညာကောလိပ်တို့ကဖြစ်ပြီး ရတနာပုံတက္ကသိုလ်ဝင်ပေါက်မှာ တစ်နာရီကြာ စီတန်းလှည့်လည်ဆန္ဒပြခဲ့ကြတာပါ။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က ဆွေးနွေးခဲ့ပြီးနောက် မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။