မြန်မာနိုင်ငံမှာ အီဘိုလာရောဂါ သံသယရှိသူတစ်ဦး တွေ့ရှိ
2014.08.20
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မနေ့ကရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ခရီးသည်တစ်ဦးကို ကျန်းမာရေးစစ်ဆေးရာမှာ ကိုယ်အပူချိန်မြင့်တက်နေတဲ့အတွက် ကူးစက်မြန် အီဘိုလာရောဂါ သံသယလူနာအဖြစ်သတ်မှတ်ပြီး မြောက်ဥက္ကလာ ဝေဘာဂီအထူးကုဆေးရုံမှာ သီးသန့်စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ် အဲဒီ မြန်မာနိုင်ငံသားဟာ အာဖရိကတိုက်အနောက်ပိုင်း ဂီနီနဲ့လိုင်ဘေးရီးယား နိုင်ငံတွေမှာ တစ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်နေထိုင်လာပြီး ထိုင်းလေကြောင်းလိုင်းနဲ့ မြန်မာနိုင်ငံ ကို မနေ့က ပြန်ရောက်လာသူ ဖြစ်ပါတယ်။
လောလောဆယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ရန်ကုန်ရုံးခွဲ) နဲ့ ညှိနှိုင်းပြီး သံသယရှိသူ အမျိုးသားရဲ့ သွေးကို အိန္ဒိယနိုင်ငံက ဓာတ်ခွဲခန်းကို ပို့ဆောင်ထားတဲ့အကြောင်း၊ အီဘိုလာရောဂါ ဟုတ်မဟုတ် ဆိုတာကို တစ်ပတ်နီးပါးကြာမှ သိရှိနိုင်မယ့်အကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
ဒီအတောအတွင်း ဗီယက်နမ်နိုင်ငံမှာလည်း ဟိုချီမင်းစီးတီးမြို့ကို ကာတာနိုင်ငံကတဆင့် တနင်္လာ နေ့က ရောက်ရှိလာတဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးကို အီဘိုလာရောဂါ သံသယရှိတာကြောင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရမှုရှိ၊ မရှိ သီးသန့်ခွဲထားပြီး၊ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဆီရာလွန်း၊ ဂီနီ၊ လိုင်ဘေးရီးယားစတဲ့ အနောက်အာဖရိကတိုက်နိုင်ငံတွေမှာ ဘီဘိုလာရောဂါပိုး ကူးစက်ဖြစ်ပွားမှုကြောင့် ဒီကနေ့အထိ သေဆုံးသူ ၁၂၀၀ ကျော်ရှိသွားပြီဖြစ်ပြီး၊ အခြေအနေတွေဟာ ထိန်းချုပ်ဖို့ မလွယ်ကူတဲ့ အနေအထားမှာရှိတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူ တွေက ပြောပါတယ်။