နယ်ခြားစောင့်ရဲကင်းတွေ တိုက်ခိုက်ခံရ
2016.10.09

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်၊ ငခူရ နယ်ခြားစောင့် ရဲကင်စခန်းနဲ့ ရသေ့တောင်မြို့နယ်မှာရှိတဲ့ ကိုးတန်ကောက် နယ်ခြားစောင့်ရဲကင်းစခန်း ၃ ခုကို ဒီနေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်လောက်က မွတ်စလင် လက်နက်ကိုင်တွေက တချိန်တည်းမှာ ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့ပါတယ်။
ကျီးကန်းပြင် နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ရဲ့ လက်နက်တိုက်ကို ဝင်ရောက်စီးနင်းရာမှာ သေနတ် အလက် ၅ဝ ထက်မနည်း သိမ်းယူသွားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေထံကနေ စုံစမ်းသိရပါတယ်။
ပစ်ခတ်မှုတွေကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တချို့သေဆုံးတာတွေနဲ့ ပျောက်ဆုံးနေတာတွေရှိပေမယ့် အရေအတွက်ကို အတိအကျမသိရသေးပါဘူး။
ဒီမနက်က ဝင်ရောက်စီးနင်းခဲ့တဲ့ မွတ်စလင်လက်နက်ကိုင်အဖွဲ့ဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာတော့ အတည်မပြုနိုင်သေးပါဘူးလို့ ဆိုပါတယ်။
လက်ရှိ အခင်းဖြစ်ပွားရာနေရာတွေကို တပ်မတော်ကလုံခြုံရေးယူထားပြီး စစ်တွေအခြေစိုက် ရဲတပ်ရင်းတွေလည်း ပူးပေါင်းအင်အားဖြည့်ဖို့ ပြင်ဆင်နေပါတယ်။
ရသေ့တောင်မြို့နယ် ကိုးတန်ကောက်မှာဖြစ်ပွားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မွတ်စလင်လက်နက်ကိုင်တစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လှ က ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်းက ပစ်ခတ်မှုအခြေအနေကြောင့် မောင်တောမြို့မှာ ဈေးဆိုင်တွေ ပိတ်ထားပြီး အသွားအလာတွေ မရှိသလောက်ဖြစ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။