မောင်တောဒေသ ထူထောင်ရေး အလှူငွေကျပ်သိန်းပေါင်း ၆ ထောင် ရရှိထား
2017.11.19

ရခိုင်ပြည်နယ်၊ မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အတွင်းက စေတနာရှင်တွေရဲ့ လှူဒါန်းငွေကျပ်သိန်းပေါင်း ၆ ထောင်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ UEHRD စီမံကိန်းအောက်က ခွဲဝေသုံးစွဲသွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ဒီနေ့ ပြောပါတယ်။
တခြား တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေလည်း မောင်တောဒေသမှာ လိုအပ်တဲ့ နေအိမ်၊ အဆောက်အအုံတွေ ဆောက်လုပ်လှူဒါန်းတာတွေရှိနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေ က ပြောပါတယ်။
"တိုင်းဒေသကြီးတွေက လှူတဲ့ဥစ္စာတွေကတော့ သူတို့က ပုတ်ပြတ်လှူတာပေါ့။ တနင်္သာရီတိုင်းဆိုရင် ခုံတိုင်ရွာမှာ စာသင်ကျောင်းတစ်ကျောင်း လှူတယ်။ ရန်ကုန်တိုင်းဆို အိမ် ၆၄ လုံးဆောက်ပေးတယ်။ ပဲခူးတိုင်းဆို အိမ် ၆၄ လုံးဆောက်ပေးတယ်။ သူ့ရွာအလိုက်ရွာအလိုက် တာဝန်ယူသွားတာပါ။ ငွေမဟုတ်ဘူးပေါ့"
ရခိုင်ပြည်နယ်အရေးအတွက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းအစိုးရအဖွဲ့တွေက လှူဒါန်းမှုတွေ ဆောင်ရွက်နေကြပြီး မကြာခင်ရက်ပိုင်းအတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်တို့ လာရောက်ပြီး လှူဒါန်းဖို့ ရှိနေတယ်လို့လည်း ပြောပါတယ်။
မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် မီးလောင်ကျွမ်းခဲ့တဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်မီးရရှိရေးတွေအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တိုင်းနဲ့ပြည်နယ် အသီးသီးရဲ့ ကူညီဆောင်ရွက်ပေးမှုတွေ လိုအပ်နေသေးတယ်လို့လည်း ဦးတင်မောင်ဆွေ က ပြောပါတယ်။