ဆယ်တန်းအောင်၊ ဘွဲ့ရ မွတ်စလင် လူငယ်တွေကို ဆရာအဖြစ် ခန့်အပ်မည်


2018.09.14
maungtaw-school-622.jpg မောင်တောမြို့နယ်က ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာနေထိုင်တဲ့ ဆယ်တန်းအောင်နဲ့ ဘွဲ့ရ မွတ်စလင်လူငယ်တွေကို အစိုးရက သင်ကြားရေးအထောက်အကူပြုဆရာတွေအဖြစ် ခန့်အပ်ဖို့ ဒီနေ့ နောက်ဆုံးထားပြီး စာရင်းတွေ ကောက်ယူခဲ့ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ဘွဲ့ရ၊ ဆယ်တန်းအောင် မွတ်စလင်လူငယ် ၄၀၀ ကျော်ကို စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ မောင်တောခရိုင်ပညာရေးမှူး ဦးခင်အောင်က RFA ကို ဒီနေ့ ပြောပါတယ်။

"ကျနော်တို့ မောင်တော၊ ဘူးသီးတောင်ဒေသမှာပေါ့ မွတ်စလင်ရွာတွေမှာ သူတို့ကို နေ့စားလပေး သင်ထောက်ကူဆရာတွေခန့်မှာပါ။ သူတို့ကတော့ အဲဒီရွာတွေမှာပေါ့ သင်ကြားရေးမှာ အထောက်အကူပြုနိုင်အောင်ပေါ့ အဲလိုပုံစံမျိုး။ အလုပ်အကိုင်ရရှိရေးအတွက် ပါချင်လည်းပါမှာပေါ့လေ။ မောင်တောမှာတော့ လောလောဆယ်တော့ ဒီနေ့အထိ ၁၄၀ ကျော်၊ ဘူးသီးတောင်မှာကတော့ ၃၀၀ ကျော်လို့ ကနဦးသတင်းပြောထားတယ်။ ဘူးသီးတောင်၊ မောင်တောပေါင်းလိုက်ရင် စာရင်း ၄၀၀ ကျော်လောက် လာပို့တာရှိပါတယ်"

ဒီအစီအစဉ်ကို ပြည်ထောင်စုအစိုးရက စီစဉ်တာဖြစ်ပြီး အပြီးသတ်ကောက်ယူရရှိထားတဲ့စာရင်းကို ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူးရုံးကို မနက်ဖြန် ပေးပို့သွားမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘွဲ့ရ၊ ဆယ်တန်းအောင် မွတ်စလင်လူငယ်တွေကို စာရင်းကောက်ယူတဲ့ အစီအစဉ်မှာ ရသေ့တောင်မြို့နယ်လည်း ပါဝင်ပေမယ့် အဲဒီမြို့နယ်ရဲ့ စာရင်းအသေးစိတ်ကိုတော့ သူ့အနေနဲ့ မသိရသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေက တချို့မွတ်စလင်ကျေးရွာတွေမှာ လုံခြုံရေးအရ ပညာရေးဝန်ထမ်းတွေ အချိန်ပြည့်သွားရောက်နိုင်ခြင်းမရှိကြသလို တချို့မွတ်စလင် ကျေးရွာတွေမှာတော့ အဲဒီရွာက ပညာရေးဝန်ထမ်းမဟုတ်တဲ့ ဆယ်တန်းအောင်နဲ့ ဘွဲ့ရမွတ်စလင်လူငယ်တွေက စာသင်ပေးနေရတာတွေလည်း ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။