သင်ကြားရေးအကူ ဆရာ၊ ဆရာမတွေအဖြစ် လျှောက်ထားကြတဲ့ မွတ်စလင် ၉၀၀ ကျော်ရှိ
2018.10.05
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တွေမှာ အစိုးရ သင်ကြားရေးအကူ ဆရာ၊ ဆရာမတွေအဖြစ် ခန့်အပ်ဖို့ လျှောက်ထားကြတဲ့ မွတ်စလင် ၉၀၀ ကျော်ရဲ့ စာရင်းကို လက်ခံရရှိထားတယ်လို့ မောင်တော ခရိုင်ပညာရေးမှူး ဦးခင်အောင်က RFA ကို ဒီနေ့ ပြောပါတယ်။
အဲဒီစာရင်းတွေကို ပြည်နယ်ပညာရေးမှူးရုံးကို တင်ပြထားပြီးဖြစ်ပေမယ့် ခန့်အပ်မယ့်ဦးရေကိုတော့ အတည်မပြု ရသေးဘူးလို့ ဦးခင်အောင်က ပြောပါတယ်။
"ခန့်မယ့်ဦးရေတော့ မသိသေးဘူး။ ဒီကတင်တာကတော့ မောင်တောက ၃၂၀ ကျော်၊ ဘူးသီးတောင်က ၆၃၀ ကျော် ဆယ်တန်းအောင်၊ ဘွဲ့ရ။ တစ်ယောက်နှစ်ယောက်စတော့ ဆယ်တန်းရှုံးတွေလည်း ပါကြတယ်။ အဲဒီဆယ်တန်းရှုံးတွေကတော့ အရင်သူတို့ရွာခန့် ဆရာတွေအဖြစ်လုပ်ခဲ့တဲ့ လူတွေကျတော့လည်း လောလောဆယ်ကတော့ လက်ခံလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီမှာ အကုန်လုံး ဆယ်တန်းရှုံးတွေကိုပါ လက်ခံလိုက်လို့ရှိရင် များသွားမှာစိုးလို့"
ဒါ့အပြင် ရသေ့တောင်မြို့နယ်မှာလည်း သင်ကြားရေးအကူဆရာ၊ ဆရာမအဖြစ် ခန့်အပ်ဖို့လျှောက်ထားကြတဲ့ မွတ်စလင် ၂၀ ကျော်ရှိတယ်လို့ ရသေ့တောင်မြို့နယ် ပညာရေးမှူး ဦးကျော်မြက ပြောပါတယ်။
အဲဒီစာရင်းတွေအားလုံးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံ တင်ပြထားပြီး ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်အပေါ် မူတည်ပြီး ခန့်အပ်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ဆိုပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဒေသက မွတ်စလင်ကျေးရွာတွေမှာ တာဝန်ကျနေကြတဲ့ အစိုးရ ပညာရေးဝန်ထမ်းတွေဟာ စိုးရိမ်မှုတွေကြောင့် အချိန်ပြည့် သွားရောက်ပြီး တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့တဲ့အတွက် ဒီဒေသတွေမှာ ဆရာ၊ ဆရာမတွေ လိုအပ်နေ တာဖြစ်ပါတယ်။
ဒါကြောင့် အဲဒီကျေးရွာတွေမှာရှိတဲ့ ကိုးတန်းအောင်၊ ဆယ်တန်းအောင်နဲ့ ဘွဲ့ရ မွတ်စလင် လူငယ်တွေက အစိုးရ ပညာရေး ဝန်ထမ်းတွေနေရာမှာ စေတနာ့ဝန်ထမ်းအဖြစ် အစားထိုးပြီး စာသင်ကြားနေကြရတာဖြစ်တယ်လို့ သိရပါတယ်။
သင်ကြားရေးအကူဆရာအဖြစ် ခန့်အပ်ဖို့လျှောက်ထားရာမှာ ပါဝင်တဲ့ အမည်မဖော်လိုတဲ့ မွတ်စလင် လူငယ်တစ်ဦးက သူ့အနေနဲ့ အစိုးရဝန်ထမ်း ဆရာ၊ ဆရာမတွေနေရာမှာ အချိန် ၆ နှစ်လောက်ကြာအောင် စေတနာ့ဝန်ထမ်းဆရာအဖြစ် လုပ်ကိုင်ခဲ့ရတာကြောင့် အခုအချိန်မှာ အစိုးရ အသိအမှတ်ပြု သင်ကြားရေး အကူဆရာဖြစ်လာဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
ဘူးသီးတောင်၊ မောင်တောဒေက ဝေးလံခေါင်သီတဲ့ ရခိုင်နဲ့ မြိုတိုင်းရင်းသားကျေးရွာတွေက စာသင်ကျောင်း ၃၅ ကျောင်းမှာတော့ တစ်ကျောင်းမှာ ဆရာ နှစ်ဦးနှုန်းနဲ့ ခန့်အပ်ဖို့တင်ပြထားသလို ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း တိုင်းရင်းသား လူငယ် ၂၀၀ ကျော်ကို သင်ကြားရေးအကူ ဆရာတွေအဖြစ်ခန့်အပ်ဖို့ တင်ပြထားတယ်လို့ သိရပါတယ်။
စစ်တွေမြို့ခံတွေကတော့ နိုင်ငံသားမဟုတ်တဲ့ မွတ်စလင်တွေကို ကျောင်းဆရာခန့်မယ့်ကိစ္စကို လက်မခံနိုင်ကြောင်း ကန့်ကွက်ထားကြပါတယ်။