ပညာရေးဝန်ထမ်းတွေကို လုံခြုံတဲ့နေရာမှာသာ တာဝန်ချထားမည်


2017.09.15
maungtaw-school-622.jpg မောင်တောမြို့နယ်က ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေမှာ တာဝန်ကျနေ တဲ့ ပညာရေးဝန်ထမ်းတွေကို အဲဒီဒေသတွေက လုံခြုံစိတ်ချတဲ့နေရာတွေမှာသာ တာဝန်ချထားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးက သတင်းထုတ်ပြန်ပါတယ်။

ရသေ့တောင်၊ မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေက စာသင်ကျောင်းပေါင်း ၂၉ ကျောင်းဟာ ကျောင်းပြန် ဖွင့်နိုင်တဲ့ အခြေအနေတွေရှိနေပြီး ပညာရေးဝန်ထမ်းတွေအတွက် လုံခြုံရေးကို စီစဉ်ထားတယ်လို့ ပြည်နယ် ပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောပါတယ်။

"လုံခြုံမှုရှိတဲ့နေရာမှာ ကျောင်းဖွင့်မှာ၊ လုံခြုံရေးတော့ အပြည့်ရှိတယ်။ ဆရာကြီးတို့ ဒီလိုစာထုတ်လိုက် တဲ့အခါမှာ အခြေခံပညာဦးစီးဌာနက စာဝင်လာတယ်လေ။ ၁၂ ရက်နေ့ကလေ။ ဘာလဲဆိုရင်၊ ဘူးသီးတောင်ရယ်၊ ရသေ့တောင်ရယ်၊ မောင်တောရယ်မှာ လုံခြုံရေးအခြေအနေ စောင့်ကြည့် ထိန်းသိမ်းနိုင်တဲ့ ကျောင်းရာထားချက်စာရင်း ပေးပို့ပေးပါလို့ စာလာလို့ တောင်းလိုက်တယ်ပေါ့ အဲဒီဒေသတွေကို၊ ဘူးသီးတောင်က ကျောင်း ၂၀ ၊ မောင်တောက ၄ ကျောင်း၊ ရသေ့တောင်မှာ ၅ ကျောင်းရှိတယ်။ ကျောင်းဖွင့်နိုင်တဲ့ အခြေအနေရှိပါတယ်"

အဲဒီမြို့နယ်တွေက ကျောင်းတချို့ ပြန်ဖွင့်လို့ရနိုင်တဲ့ အခြေနေတွေရှိနေပေမဲ့ ဘယ်တော့လောက်ပြန်ဖွင့်နိုင် မယ်ဆိုတာကိုတော့ အတိကျမသိသေးဘူးလို့ပြောပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေအနေနဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး တာဝန်ကျတဲ့နေရာတွေကို ပြန်သွားဖို့ ရခိုင်ပြည်နယ် ပညာရေးမှူး ရုံးက စက်တင်ဘာလ ၁၂ ရက်နေ့က ညွှန်ကြားထားတာပါ။

ပညာရေးဝန်ထမ်းတွေကို လာမယ့်စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး တာဝန်ထမ်းဆောင်ရမယ်လို့ ရခိုင်ပညာရေးမှူးရုံးက ထုတ်ပြန်ထားပေမဲ့ မလာနိုင်တဲ့ ဝန်ထမ်းတွေကို ဘယ်လိုအရေးယူရမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း ပြောပါတယ်။

အကြမ်းဖက်မှုတွေ မဖြစ်ခင်အချိန်အထိ တာဝန်ထမ်းဆောင်နေတဲ့ ပညာရေးဝန်ထမ်းအရေအတွက်ဟာ ရခိုင်ပြည်နယ် ရသေ့တောင်မှာ ၁၆၀ ကျော်၊ မောင်တောမှာ ၁၁၀၀ ကျော်နဲ့  ဘူးသီးတောင်မှာ ၁၁၀၀ ကျော် ရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးကနေ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။