ပြင်ဦးလွင်မှာနဲ့ မော်လမြိုင်မှာ အာဇာနည်နေ့အခမ်းအနား ခွင့်ပြုချက် ငြင်းပယ်ခံရ


2014.07.17
staker-305 "အာဇာနည်နေ့ ဒို့မမေ့" စတစ်ကာတွေကို ဇူလိုင်လ ၁၇ ရက်နေ့က အာဇာနည်ကို ဦးညွှတ်ကြသူများအဖဲ့ွက ဦးဆောင်ပြီး ဖြန့်ဝေနေစဉ်
Photo:Thiha Tun , Sann Maw Aung / RFA

လာမယ့် ဇူလိုင်လ ၁၉ရက်နေ့မှာ ကျရောက်မယ့် အာဇာနည်နေ့အခမ်းအနားကို ပြင်ဦးလွင်မြို့ လွတ်လပ်ရေးကျောက်တိုင်မှာကျင်းပဖို့ ခွင့်ပြု ချက်တောင်းခံတာကို မြို့နယ်အုပ်ချုပ်ရေးမှူးက ငြင်းပယ် လိုက်ကြောင်း ခွင့်ပြုချက်တောင်းခံခဲ့တဲ့ တောင်သူ လယ်သမားသမဂ္ဂခေါင်းဆောင်တွေက ပြောပါတယ်။

ခွင့်ပြုချက်မရတာနဲ့ ပတ်သက်ပြီး တောင်သူလယ်သမား သမဂ္ဂ ဒုတိယဥက္ကဌ ဦးစိုးမြင့်က အခုလို ပြောပါတယ်။

"လွတ်လပ်ရေးကျောက်တိုင်မှာ ကျနော်တို့ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးချိန် နံနက် ၁၀ ရီ ၃၇ မိနစ်အတွင်းမှာ လွမ်းသူ့ပန်းခွေချတာကို အုပ်ချုပ်ရေးမှူးက ဒီနေရာ မပေးနိုင်ဘူးဆိုတဲ့ အကြောင်းလေးပဲ သိထားတာ မပေးဘူးဆိုတဲ့ အကြောင်းကိုပေါ့ ကျနော်တို့ သမဂ္ဂအဖွဲ့တွေခေါ် ပြီးတော့ပေါ့ ကျနော်ကပြောလိုက်တယ် ဘာကြောင့် မို့လို့ ကျနော်တို့ကို မပေးတာလည်း ခွင့်ပြုချက်ကို မပေးတာလား ဒါမှမဟုတ်လို့ရှိရင် မအားတာလားဆိုတာကို သူက အဲ့ဒါကို ကျနော့်ကို တိတိကျကျ ကျနော်ကို မပြောနိုင်ဘူး ငြိမ်းချမ်းစွာ အမှတ်တရပွဲကို လုပ်တဲ့အတွက် ကျနော်က စွန့်လွှတ်တယ်"

အလားတူ မော်လမြိုင်မြို့မှာလည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက သံလွင်ဥယျာဉ်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာ လွမ်းသူပန်းခွေချဖို့ တောင်းခံတာကို ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးက ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း ၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပြည်သူလူထု ပူးပေါင်းပါဝင်အလေးပြုဖို့ ရည်ရွယ်ချက်နဲ့ "အာဇာနည်နေ့ တို့မမေ့" ဆိုတဲ့ စတစ်ကာတွေကို အာဇာနည်ဦးညွတ်ကြ သူများအဖွဲ့က ဒီနေ့ လှည်းတန်းဈေးတဝိုက်မှာ လိုက်လံဝေငှခဲ့ပါတယ်။

စတစ်ကာတွေ လိုက်လံဝေငှရာမှာ ပါဝင်တဲ့ အာဇာနည်ဦးညွတ်ကြသူများအဖွဲ့ဝင် ရန်ကုန်-လိုင်ဇာ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့က ကိုဇင်ကိုကိုက အခုလို ပြောပါတယ်။

"အဓိက စတေကာ ကမ်ပိန်းလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လူထုကြားထဲမှာပေါ့လေ ဒီအာဇာနည်တွေရဲ့ စိတ်ဓါတ်တွေ ပြီးတော့နောက် အာဇာနည်တွေရဲ့ ဝိဉာဉ်တွေ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးသွား တဲ့ ခေါင်းဆောင်ကြီးတွေကို ဒီထက်လူထု ပိုသိရှိစေပြီးတော့ လူငယ်တွေကို ပိုပြီးတော့ သိစေချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ စတေကာ ကမ်ပိန်းတွေလုပ်ရခြင်းဖြစ်ပါတယ်"

၆၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ လွှတ်တော်ဥက္ကဌတွေ တက်ရောက်ဂါရဝပြုဖို့၊ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ ၁၀နာရီ ၃၇ မိနစ်မှာ ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်မီဒီယာတွေကနေ တစ်မိနစ်ကြာ သြဥဆွဲအသံလွှင့်ပေးဖို့၊ ဇူလိုင်လ ၁၇ ရက်ကနေ ၁၉ ရက်နေ့အထိ နိုင်ငံပိုင်မီဒီယာတွေကနေ အာဇာနည်ခေါင်းဆောင်တွေရဲ့ ကိုယ်ရေး ရာဇဝင်နဲ့ ဆောင်ရွက်ချက်တွေကို ထုတ်လွှင့်ပေးဖို့ အာဇာနည်ဦးညွတ်ကြသူများအဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကဗျာချစ်သူများအသင်း၊ အဖြူရောင်တွဲလက်များ၊ Generation Wave၊ ရန်ကုန်-လိုင်ဇာ လမ်းလျှောက်အဖွဲ့ စတဲ့ အရပ်ဘက်လူမှုအဖဲ့ွအစည်း ၄၀ ကျော်နဲ့ ဖဲ့ွစည်းထားတဲ့ အာဇာနည် ဦးညွှတ်ကြသူများအဖဲ့ွဟာ ဇူလိုင်လ ၁၆ရက်နေ့ကနေ ဇူလိုင်လ ၁၈ရက်နေ့အထိ စတစ်ကာတွေကို လိုက်လံဝေမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။