မတ္တရာမှာ လက်နက်ကြီးကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့ကြောင်း MDY-PDF ထုတ်ပြန်
2024.08.01

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာကို ဩဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သားသုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့တာလို့ MDY-PDF ပြောခွင့်ရသူ ကိုအော်စမွန်က RFA ကို ပြောပါတယ်။
"မတ္တရာမြို့နယ် အောင်ချမ်းသာကျေးရွာမှာ ဒီနေ့နေလယ်တစ်နာရီခန့်က စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူငါးဦးထိခိုက်ဒဏ်ရာရပြီးတော့ သုံးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်၊ တိုက်ပွဲဖြစ်လို့ လက်နက်ကြီးပစ်ခတ်တာ လုံးဝမဟုတ်ပါဘူး၊ ဒီအောင်ချမ်းသာကျေးရွာက တိုက်ပွဲနဲ့ အလှမ်းဝေးတဲ့ကျေးရွာ ဖြစ်ပါတယ်၊ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့သက်သက် အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုကျူးလွန်တယ်လို့ ပြောလို့ရပါတယ်"
စစ်ကောင်စီဘက်က အရပ်သားတွေအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်မှုတွေ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေတယ်လို့လည်း ရေးသားထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဇူလိုင်လ ၃၁ ရက်နေ့ကလည်း မတ္တရာမြို့နယ်ရှိ ငါးလုံးပြွန်ကျေးရွာတပ်စခန်း၊ တောင်ကန်ကျေးရွာတပ်စခန်း၊ အောင်သပြေကျေးရွာ တပ်စခန်း၊ အောင်သပြေကားကွင်း တပ်စခန်း၊ မြို့ကုန်းရွာ တပ်စခန်း၊ ထန်းပင်ကုန်းရွာ တပ်စခန်းနဲ့ ဘိုကုန်းရွာ တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ MDY-PDF က ထုတ်ပြန်ခဲ့ပါတယ်။
မတ္တရာမြို့နယ်အတွင်း MDY-PDF က သိမ်းယူခဲ့တဲ့ စစ်ကောင်စီ တပ်စခန်း ၃၅ ခု ရှိနေပြီလို့လည်း ပြောထားပါတယ်။