တောင်ကြီးခရိုင် ရွာငံမြို့နယ်မှာ ဝက်သက်ရောဂါ ဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းမှာ အသက် ၂၀ အထက်ဝန်းကျင် လူငယ်အတော်များများ ဖျားနာရာကနေပြီး အဖုအပိန့်တွေထွက်ခါ ဝက်သက်ရောဂါတွေ ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

2012.05.19

အခုလဆန်းပိုင်းကတည်းက ရောဂါဖြစ်ပွားနေတာလို့ သိရပြီး အခုရက်ပိုင်း အတွင်းမှာတော့ မြို့ပေါ်ရပ်ကွက်တွေအပြင် ကျေးရွာတွေမှာပါ အများအပြား ဖြစ်ပွားလာနေတာဖြစ်တယ်လို့ သိရပါတယ်။  ရောဂါဖြစ်ပွားသူတွေ အတွက် ဆေးဝါး အကူအညီပေးဖို့ စီစဉ်နေတဲ့ တောင်ကြီးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်က ရှေ့နေ ဒေါ်ခင်မိုးမိုး က ရွာငံမြို့နယ်ထဲမှာ ၁၅ ရက်နေ့လောက်ကနေ စတင် ပြန့်နှံ့ပြီး ဆေးရုံမှာ လူမဆံ့တော့တဲ့ အခြေအနေ  ရှိတယ်လို့  ပြောပါတယ်။

"တဖြည်းဖြည်း ရောဂါသည်တွေက များများ များများလာပြီးတော့ ဆေးရုံ မဆံ့တော့ ရွာငံမြို့ပေါ်က စေတနာရှင်တွေကိုပါ အကူအညီ တောင်းပြီးတော့ ဆေးပေးခန်းတွေမှာပါ ဆေးဝါးရော လူနာတွေ ထားသိုဖို့ရော လုပ်နေရတယ်၊ အပူအအေး မမျှတာကြောင့်လို့ သက်ဆိုင်ရာ ကျန်းမာရေး ဌာနကတော့ ပြောတယ်။ ဖြစ်တဲ့လူတွေက အသက်၂၀ လောက်က နေပြီးတော့ ၃၃ နှစ်လောက် အတွင်းမှာ အဖြစ်များတယ်၊ အဖိတ်အစင်တော့ မရှိသေးဘူး၊"

ရွာငံမြို့ခံတစ်ဦးကလည်း ဝက်သက်ရောဂါ ဖြစ်ပွားသူ တချို့က  မြို့နယ်ဆေးရုံကို တက်ရောက် ကုသကြပြီး တချို့က ငွေကြေးအဆင်မပြေလို့ ရွာမှာပဲ အဆင်ပြေသလို ကုသနေကြရတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

"ရွာတွေမှာ တော်တော်များများ ဖြစ်တယ်လေ။ ဖျားပြီးလို့ရှိရင် အသီးတွေထတယ်၊ နောက် မျက်စိတွေနာတယ်၊ နားတွေနာတယ်ပေါ့နော်၊ တော်တော်များများက ဒီရွာတွေက ဆေးရုံပေါ် လာတတ်ကြတယ်၊ တချို့ရွာတွေကြတော့ ဆင်းရဲတော့လေ ဆေးရုံ လာမတက်နိုင်တာတွေလည်း အများကြီးရှိတယ်၊ လောလောဆယ်တော့ အသေအပျောက်တော့ မရှိသေးဘူးဗျ၊ လူဦးရေက တချို့ရွာတွေဆိုရင် လေးငါးဆယ်လောက် ရှိတယ်။ တချို့ရွာတွေဆို နှစ်ဆယ် သုံးဆယ်ရှိတယ်။ လူတော့ နည်းနည်းများတယ်၊ ဟိုတနေ့က ဆေးရုံမှာ ၃၀ လောက်ရှိတယ်၊ တကယ်တမ်းက ဆေးရုံမလာနိုင်တဲ့ လူတွေကလည်း အများကြီး ရှိသေးတယ်လေ။"

ရွာငံမြို့နယ်ဆေးရုံကို ဆက်သွယ် မေးမြန်းရာမှာ မြို့နယ် ဆရာဝန်ကြီးက ဒီရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေးမှုတွေ ဆောင်ရွက်နေကြောင်းနဲ့ ဒီရောဂါကြောင့် သေဆုံးသူ မရှိသေးကြောင်း အခုလို ပြောပါတယ်။

"ဒီ ရွာငံမြို့နယ်က လယ်ကိုင်းရွာမှာ ၄၇ ယောက်လောက်တော့ ဖြစ်ခဲ့တာပေါ့နော်၊ ဝက်သက်၊ ဒါပေမယ့် ရွာတွေကို သွားပြီးတော့ လူတွေခွဲပြီးတော့ ကျန်းမာရေး ပညာပေး ဟောပြောတာ၊ လူနာရှာဖွေတာ တွေ့ပြီဆိုလည်း ဆေးကုတာ လိုအပ်ရင် ကျနော်တို့ဆီကို လာပြီးတော့ မြို့နယ်ဆေးရုံကို ခေါ်လာပြီးတော့ လုပ်တာတွေက တန်းစီပြီးတော့ လုပ်တယ်ဗျ၊ ရွာတွေမှာလည်း ကျနော်တို့က ကျန်းမာရေး အလုပ်အဖွဲ့တွေက အကုန်လုံး လုပ်ပြီးကြပါပြီး၊ သေဆုံးတဲ့လူနာလည်း မရှိပါဘူးခင်ဗျ။"

ဒီရောဂါနဲ့ပတ်သက်ပြီးတော့လည်း မကြာခင် ရက်ပိုင်းအတွင်းမှာ ပြည်သူတွေသိရှိစေဖို့ သတင်းထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း မြို့နယ်ဆရာဝန်ကြီးက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။