မွန်းတည့်နေဂျာနယ်အမှု တရားခံပြသက်သေတွေ စစ်ဆေးမေးမြန်း


2014.10.02
midday-sun-305 ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်အဖုံးကို တွေ့ရစဉ်
Photo: Internet

နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က ထုတ်ဝေသူနဲ့ သတင်းထောက် ၅ ယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်စစ်ဆေးရာ တရားခံပြ သက်သေ သတင်းမီဒီယာသမား ၄ ဦးကို စစ်ဆေးမေးမြန်းခဲ့ပါတယ်။

ပန်းဘဲတန်းမြို့နယ် တရားရုံးမှာ တရားခံပြသက်သေ အဖြစ် ထွက်ဆိုခဲ့တဲ့ 7 Days သတင်းဂျာနယ်က သတင်းထောက်ချုပ် ကိုအောင်သူရက အခုလို ပြောပါတယ်။

"အရင်ဆုံးမေးတာကတော့ ဒီသတင်းဟာ သတင်း လား ဆောင်းပါးလားပေါ့နော်၊ ကျနော်ကတော့ သတင်းလို့ ပြောတယ်ပေ့ါနော်၊ နောက် ဒီသတင်းနဲ့ ဓါတ်ပုံဖော်ပြတာ သတင်းစာပညာအရ သင့်တော် လား၊ မသင့်တော်လားမေးတယ်၊ ဒေါ်အောင်ဆန်း စုကြည် ပါတဲ့အတွက် သုူ့မှာရှိတဲ့ဓါတ်ပုံကို ထည့်ပေး လိုက်တာဟာ လက်ခုပ်တီးနေတာ မတီးနေတာနဲ့ မဆိုင်ဘူးပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည် ပါဖို့ပဲပေ့ါနော်၊ ဓါတ်ပုံနဲ့ သတင်းဖော်ပြထားတာ သတင်းစာကျင့်ဝတ်ကို ချိုးဖောက်တာ မဟုတ်ဘူးပေါနော်၊ ဒီသတင်းကြောင့် တိုင်းပြည်ရဲ့ လူထုအုံကြွမှုတွေ ဖြစ်ပေါ်စေလာပေ့ါနော်၊ တိုင်းပြည်မငြိမ်မသက် ဖြစ်သွားမယ်ထင် လားပေါ့နော် မေးတာ၊ ကျနော်ကမေးတယ်လေ ဒီသတင်းပါပြီးတဲ့နောက်ပိုင်းမှာ ဘာမှမကြားမိဘူး၊ နောက် တရားသူကြီးကို ကျနော်ပြန်မေးတယ်၊ ဆရာတို့ ဒီသတင်းကို ဖတ်လိုက်ရတဲ့အချိန်မှာ ဆရာတို့စိတ်ထဲမှာ ဘယ်လိုဖြစ်ပေါ်လဲပေါ့နော်၊ အဲဒါကျနော့်ကို ဖြေပေးပါလို့ အဲဒါသူတို့က မဖြေဘူး"

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ထုတ် အပတ်စဉ်ဂျာနယ်မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ MDCF က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ်တင်မြှောက် ဆိုတဲ့သတင်းကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် မွန်းတည့်နေဂျာနယ်က သတင်းထောက်တွေကို တရားစွဲလိုက်တာဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ သတင်းထောက်တွေဘက်က တရားခံပြသက်သေ ၆ ဦး တင်ပြထားပြီး ဒီနေ့မှာ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေး၊ ပြင်ပဆောင်းပါးရှင် ဦးစည်သူအောင်မြင့်၊ 7 Days သတင်းဂျာနယ်က သတင်းထောက်ချုပ် ကိုအောင်သူရနဲ့ သမဂ္ဂဂျာနယ်က သတင်းထောက်ချုပ် မရွှေမှုန်တို့ကို စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။