မွန်းတည့်နေဂျာနယ် သတင်းထောက်တွေကို ထောင် ၂ နှစ်စီ ချမှတ်


2014.10.16
midday-sun-journalists-305.jpg မွန်းတည့်နေဂျာနယ် သတင်းထောက်တွေကို အောက်တိုဘာ လ ၁၆ ရက်နေ့က ပန်းဘဲတန်းမြို့နယ် တရားရုံး က ထောင်ဒဏ် ၂ နှစ်စီ ချမှလိုက်ပြီးနောက် တွေ့ရစဉ်
Photo: Nay Myo Htun/RFA

ကြားဖြတ်အစိုးရ တင်မြှောက်ကြောင်း သတင်းဖော်ပြ ခဲ့တဲ့ အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က ပိုင်ရှင်၊ အယ်ဒီတာနဲ့ သတင်းထောက် စုစုပေါင်း ၅ ဦး ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ဒီနေ့ ပန်းဘဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်ပါတယ်။

ဒီအမှုကို မီဒီယာဥပဒေနဲ့ စစ်ဆေးပေးဖို့ တင်ပြခဲ့ပေမယ့် မူလစွဲဆိုခဲ့တဲ့ ပုဒ်မ ၅၀၅ (ခ) နဲ့ပဲ အခုလို အမိန့်ချမှတ် လိုက်တာဖြစ်တယ်လို့ အမှုကိုလိုက်ပါဆောင် ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့ ဦးကျော်ဝင်း က ပြောပါတယ်။

"ထောင်ဒဏ် ၂ နှစ်ဆိုတာကတော့ ၅ဝ၅(ခ)မှာတော့ အမြင့်ဆုံးပြစ်ဒဏ်ပေါ့နော်၊ ၅ဝ၅(ခ) အပေါ်မှာ သုံးသပ်ပြီးတော့ အမြင့်ဆုံးပြစ်ဒဏ်ချတယ်၊ မီဒီယာဥပဒေကို ကျနော်တို့ တင်ပြခဲ့ပေမယ့်လို့ မီဒီယာဥပဒေတင်ပြတာ ဒီအမှုသုံးသပ်တဲ့အထဲမှာ မပါဘူး"

ဒီအမှုအတွက် သက်ဆိုင်ရာ ခရိုင်နဲ့ တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွေကို အဆင့်ဆင့် အယူခံဝင်သွားမယ် လို့လည်း ရှေ့နေဦးကျော်ဝင်းက ပြောပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရတဲ့သူတွေကတော့ မွန်းတည့်နေဂျာနယ်က ပိုင်ရှင် ဦးကျော်မင်းခိုင်၊ ဦးယဉ်မင်းထွန်း၊ အယ်ဒီတာ ဦးအောင်သန်း၊ ဦးဝင်းတင်နဲ့ သတင်းထောက် ကိုမင်းဝဿန် တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ MDCF ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ်တင်မြှောက် ဆိုတဲ့သတင်းကို ထည့်သွင်းဖော်ပြခဲ့တာကြောင့် ထုတ်ဝေသူ၊ အယ်ဒီတာနဲ့ သတင်းထောက်တို့ကို ပန်းဆိုးတန်း ရဲအထူးသတင်းတပ်ဖွဲ့က တရားလိုပြုလုပ်ပြီး တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။