ထိုင်းမှာ နိုင်ငံခြား အလုပ်သမား ၂ သန်း မှတ်ပုံတင်မဲ့

ကုလသမဂ္ဂ အေဂျင်စီ ၁၄ ခုနဲ့ IOM ခေါ် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ ဆောင်ရွက်ရေး အဖွဲ့တို့ ပူးပေါင်းပြုစုတဲ့ Migration in Thailand ခေါ် ထိုင်းနိုင်ငံ ရှိ ရွှေ့ပြောင်း နေထိုင်သူများနဲ့ ရွှေ့ပြောင်း အလုပ်သမားများဆိုင်ရာ အစီရင်ခံစာကို ဘန်ကောက်မြို့ နိုင်ငံခြားသတင်းထောက်များ အသင်းတိုက်မှာ ဒီကနေ့ ထုတ်ပြန်ပါတယ်။

2011.10.18
burmigrant_work_cronfield_305_z ထိုင်းနိုင်ငံ ပြောင်းခင်းတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ။
RFA

ဒီကနေ့ ထုတ်ပြန်တဲ့ ကုလသမဂ္ဂနဲ့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်း နေထိုင်သူများရေးရာ အဖွဲ့တို့ရဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားအရေအတွက် သုံးသန်းခွဲ ရှိတဲ့ အနက် ၃သန်းကျော် ဟာ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့မှီခိုသူတွေဖြစ်ပြီး အဲဒီသူတွေထဲက နှစ်သန်းခန့်ကတော့ အလုပ်သမားအဖြစ် တရားဝင် မှတ်ပုံ မတင်ရသေးဘူးလို့ သိရပါတယ်။

အဲဒီ အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားမှာ ထိုင်းနိုင်ငံအနေနဲ့ ပြောင်းရွှေ့လာသူတွေကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရရှိနိုင်တယ် အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမယ် ဆိုတာတွေကို နားလည် သဘောပေါက်ဖို့ ဖြစ်တယ်လို့ I O M အဖွဲ့ အကြီးအကဲ Monique Filsnoel `မိုးနစ် ဖလ်စနွိုင်´ က ပြောပါတယ်။

ဒီနည်းနဲ့ထိုင်းပေါ်လစီချမှတ်သူတွေ အနေနဲ့ပိုမို လက်တွေ့ကျပြီး ကောင်းမွန်တဲ့ပေါ်လစီကို ချမှတ်ရာမှာ အထောက်အကူ ပြုမှာဖြစ်တယ်လို့လည်း သူကပြောဆိုပါတယ်၊

ထိုင်းနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အဖွဲ့အစည်းများညှိနှိုင်း ဆောင်ရွက်ရေးမှူး `ဒေါက်တာ ဘာမင်ဟန်´ ကတော့

ဒီ အစီရင်ခံစာဟာ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း နေထိုင်လာသူများ အရေးနဲ့ စပ်လျဉ်းလို့ ပြီးပြည့်စုံပြီး ရေရှည်လည်း တည်တံ့နိုင်တဲ့ ပေါ်လစီတစ်ရပ် ချမှတ်စေနိုင်မယ့် အထောက်အထား ကောင်းတစ်ရပ် ဖြစ်ပါတယ်လို့ ပြောပြသွားပါတယ်။ ထိုင်းနိုင်ငံဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များအတွင်း အရှေ့တောင်အာရှ ဒေသမှာ အချက်အချာကျတဲ့ ဆုံရပ်တစ်ခု ဖြစ်လာပြီး အိမ်နီးချင်း နိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေ အပါအဝင် ပြောင်းရွှေ့နေထိုင် လာကြသူများရဲ့ ဦးတည်ရာဒေသ ဖြစ်ယုံမက အခြားဝေးလံသော ဒေသက သူများလည်း လာရောက် နေထိုင်ရာ ဒေသဖြစ်တဲ့ အားလျော်စွာ မူဝါဒ ပြည့်ပြည့်စုံစုံ ရှိဖို့ လိုအပ်တယ်လို့လည်း သူကဆိုပါတယ်။ ဒီအတွက် အစီရင်ခံစာ အဆုံးမှာ ထိုင်းအစိုးရကို အကြံပြုချက်တွေ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာဟာ တတိယအကြိမ် ထုတ်ဝေတဲ့ အစီရင်ခံစာ ဖြစ်ပြီး ဒီအရင် ၂၀၀၅ ခု နဲ့ ၂၀၀၉ ခုနှစ်တွေ တုန်းကလည်း ထုတ်ဝေ ခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။