ဘုံသဘောတူညီချက်တွေကို မလုပ်နိုင်ခဲ့ဘူးလို့ဝန်ခံပြီး ဒီနှစ်လုပ်မယ်လို့ စစ်ကောင်စီပြော

၂၀၂၂ ခုနှစ်အတွင်း နိုင်ငံရေးအခြေအနေတွေ တိုးတက်လာတာကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ထဲက ဦးစားပေးလုပ်နိုင်တာကို လုပ်ဆောင်သွားမယ်လို့ သြဂုတ်လ ၁ ရက် ဒီနေ့ပြောဆိုတဲ့ အာဏာသိမ်း တစ်နှစ်ခွဲကာလ မိန့်ခွန်းမှာ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပြည်တွင်းရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေး အပါအဝင် အချုပ်အခြာအာဏာကို ထိပါးမယ့်ကိစ္စတွေတော့ မဖြစ်အောင် ဆောင်ရွက်မယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ကိုဗစ် - ၁၉ ကပ်ရောဂါ ကူးစက်မှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကို အကောင်အထည် မဖော်နိုင်ခဲ့ဘူးလို့လည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ အာဆီယံနိုင်ငံတွေအကြား ဘုံသဘောတူညီချက် ငါးချက်ကို ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၁ ရက်နေ့ မှာ သဘောတူညီခဲ့ကြတာပါ။
လက်ရှိ မြန်မာနိုင်ငံမှာကြုံနေရတဲ့ လုံခြုံရေးအခြေအနေ၊ တိုက်ခိုက်မှုတွေနဲ့ အရပ်သား ပြည်သူတွေ ခြိမ်းခြောက်ခံရမှု စတဲ့ အခြေအနေကိုတော့ အာဆီယံအထူးကိုယ်စားလှယ်ကို ပြောပြထားတယ်လို့လည်း ဆိုပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ကလည်း ပြီးခဲ့တဲ့ ဇွန်လ ၃၀ ကနေ ဇူလိုင်လ ၂ ရက်နေ့အထိ သူ့ရဲ့ ဒုတိယအကြိမ် ခရီးစဉ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးထားတဲ့ သဘော တူညီချက်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ဆန္ဒရှိကြောင်း စစ်ကောင်စီဘက်က ပြောလာတယ်လို့ ပြောဆိုထားပါတယ်။
နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီအနေနဲ့ ဘုံသဘော တူညီချက်တွေကို အကောင်အထည်ဖော်မှာမဟုတ်သလို အချိန်ထပ်ဆွဲဖို့ နိုင်ငံရေး လှည့်ကွက်သာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"လက်တွေ့မှာ အကောင်အထည်ဖော်မှာ မဟုတ်ပါဘူး။ အာဆီယံ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဖို့ တစ်နှစ်ခွဲကျော် အချိန်ယူပြီးတဲ့နောက်မှာ ဒါကို ထပ်အချိန်ဆွဲဖို့ အတွက် နိုင်ငံရေးလှည့်ကွက်တစ်ခုလုပ်ဖို့အတွက် ပြင်ဆင်တာလို့ပဲ ယူဆပါတယ်။ အကြောင်းချက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရေးပါတဲ့ ခေါင်းဆောင် တွေ လွှတ်ပေးဖို့ဆိုတာ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ NUG အပါအဝင် EAO တွေနဲ့ ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးကို အကြမ်းဖက်အင်အားစုတွေအဖြစ် ဘယ်တော့မှ မဆွေးနွေးဘူးလို့ ကြေညာထားတဲ့အောက်မှာ အာဆီယံရဲ့ အကြမ်းဖက်မှု တွေ ရပ်တန့်ဖို့ဆိုတဲ့ကိစ္စ သူတို့လုပ်နိုင်မှာမဟုတ်ပါဘူး"
အာဆီယံကိုယ်စားလှယ်က သေဒဏ်ချမှတ်မှုတွေကို လက်တွေ့မလုပ်ဖို့နဲ့ ပြန်လည် သုံးသပ်ဖို့ ပြောခဲ့ပေမယ့် စစ်ကောင်စီကတော့ သေဒဏ်ချခံထားတဲ့ လေးဦးကို ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြစ်ဒဏ်စီရင်ပြီးကြောင်း ဇူလိုင်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီရဲ့ သတင်းစာကနေ ထုတ်ပြန်ခဲ့ပါတယ်။
ဒီအပေါ် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချခဲ့သလို မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတော့ အာဆီယံအစည်းအဝေးတွေ စစ်ကောင်စီ မတက်ရောက် နိုင်အောင် ကန့်ကွက်သွားမယ်လို့ ဇူလိုင်လ ၂၆ ရက်နေ့က ပြောထားပါတယ်။