ကျွန်းလှမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အမျိုးသားတစ်ဦး သေဆုံး

RFA Burmese
2024.11.17
ကျွန်းလှမြို့နယ်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု အမျိုးသားတစ်ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာအတွင်း ကားတချို့ မီးလောင်ကျွမ်းနေသည့်မြင်ကွင်းအား ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
ဓာတ်ပုံ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်ရွာကို နိုဝင်ဘာ ၁၇ ရက်နေ့ညနေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး နေအိမ်တွေနဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း ကျွန်းလှဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးခဲ့တာလို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"ညနေ လေးနာရီ နှစ်ဆယ်မိနစ်လောက်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲသွားတာ။ ရွာထဲက ကားပြင်တဲ့အိမ်ကို ကျတော့ မီးလောင်သွားတယ်။ လူတစ်ယောက်သေသွားတယ်လို့သိရတယ်။ အသက်နဲ့ ဘယ်သူဆိုတာတော့ အတိအကျမသိရသေးဘူး"

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်သုံးလုံးလည်း မီးလောင်ပျက်စီးခဲ့တဲ့အပြင် ကားတွေလည်း မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်းလှမြို့နယ်ထဲကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်နေတာ နှစ်ရက်ဆက်တိုက်ရှိနေပြီလို့လည်း ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

အောက်တိုဘာ ၃၀ ရက်နေ့ဝန်းကျင်ကစပြီး စစ်ကောင်စီတပ်က ကန့်ဘလူခရိုင်ထဲက ရွာတွေကို နေ့တိုင်းနီးပါး စစ်ကြောင်းထိုးနေတဲ့အပြင် ဒရုန်းနဲ့ ဗုံးသီးချတာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတာလို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီက စစ်ကြောင်းထိုးတဲ့အချိန်အတွင်း ကန့်ဘလူခရိုင်ထဲက နေအိမ်တွေ ထောင်နဲ့ချီမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့လည်း ဒေသခံ အရပ်ဘက်အဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲက ကန့်ဘလူ၊ တန့်ဆည်နဲ့ ရေဦးမြို့နယ်တွေကို နိုဝင်ဘာ ၁၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အရပ်သား တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။