မတူပီမှာ စစ်ကောင်စီတပ်နဲ့ CDF တပ်တို့ နှစ်ရက်တာ တိုက်ပွဲဖြစ်ပွားနေ
ချင်းပြည်နယ် မတူပီမြို့မှာ ဇန်နဝါရီ ၃ ရက် မနေ့က စစ်ကောင်စီတပ် နဲ့ CDF မတူပီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က ငါးယောက် သေဆုံးပြီး စစ်သားနှစ်ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ CDF မတူပီက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၄ ရက် ဒီမနက်မှာလည်း အဲဒီစခန်းအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ CDF မတူပီ တပ်ဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။
"ဒီမနက် တိုက်ပွဲမှာတော့ အကျအဆုံး နှစ်ဖက်စလုံးမှာ မရှိသေးဘူး၊ အခြေနေတော့ တင်းမာနေဆဲပဲ။ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ထုနေတယ်"
ဇန်နဝါရီ ၃ ရက် မနေ့က မနက်ခုနှစ်နာရီခွဲလောက်မှာ မတူပီ - ပလက်ဝ သွားတဲ့လမ်းမပေါ်က စစ်ကောင်စီ တပ်ရဲ့ ထယ်ဘွေးစခန်းကို CDF မတူပီတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ တပ်ဘက်က ငါးယောက် သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မနေ့ကညနေ ငါးနာရီခွဲလောက်ကလည်း မတူပီ - ဟားခါး သွားတဲ့လမ်းမပေါ် ဖနိုင်ရွာနဲ့ ငလိုင်ရွာ ကြားက တိုက်ပွဲမှာ စစ်သားနှစ်ဦးကိုလည်း အရှင်ဖမ်းမိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
မတူပီနဲ့ ဟားခါး၊ မတူပီနဲ့ ပလက်ဝ သွားတဲ့လမ်းတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံရွာသား ၁၅၀၀ ကျော်လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။