ထိပ်တိုက်ရင်ဆိုင်သည့်လမ်းကိုရှောင်ပြီး တွေ့ဆုံဆွေးနွေးရန် PNLO ကို စစ်ကောင်စီ ပြော

RFA Burmese
2024.01.27
ထိပ်တိုက်ရင်ဆိုင်သည့်လမ်းကိုရှောင်ပြီး တွေ့ဆုံဆွေးနွေးရန် PNLO ကို စစ်ကောင်စီ ပြော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့က ဆီဆိုင်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့တွင် တွေ့ရစဉ်။
PNLA News & Information Department

ရှမ်းပြည်နယ်တောင်ပိုင်းမှာ မြို့သိမ်းတိုက်ပွဲတွေလုပ်လာတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အနေနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းကိုရှောင်ပြီး လိုလားချက်တွေကို တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီက တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကနေတစ်ဆင့် စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဇန်နဝါရီလ ၂၈ ရက်မှာ အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းတဲ့အထိ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်မယ်လို့ ဇန်နဝါရီလ ၂၆ ရက်မှာ PNLO က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ဟာ NCA မှာ ပါတဲ့အချက်တွေကို မျက်ကွယ်ပြုပြီး ပဋိပက္ခကိုဦးတည်တဲ့ သဘောထားရပ်တည်ချက်ဖြစ်သလို အစိုးရဆန့်ကျင်လှုပ်ရှားမှုတွေကို အားပေးထောက်ခံတာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ဟိုပုံးမြို့နယ် စံဖူးရွာအနီး PNLO ရဲ့ လက်နက်ခဲယမ်းတွေ တင်လာတဲ့ယာဉ်တန်းကို စစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်မှာ တားဆီးတာကနေ နှစ်ဖက်တပ်တွေအကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီလ ၂၆ ရက်မှာတော့ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၄၂၄ ကို တိုက်ခိုက်ပြီးနောက် ဆီဆိုင်မြို့ကို PNLO က သိမ်းယူခဲ့ပါတယ်။ စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

PNLO ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်ကတည်းက ပါဝင်လက်မှတ်ရေးထိုးခဲ့သလို စစ်တပ်က အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖက်အဖြစ် သုံးနှစ်နီးပါးကြာအောင် ရပ်တည်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။