သရုပ်ဆောင် မင်းမော်ကွန်းနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ်

2022.08.30
သရုပ်ဆောင် မင်းမော်ကွန်းနေအိမ်ကို စစ်ကောင်စီ ချိပ်ပိတ် အိမ်ချိပ်ပိတ်ခံရသည့် သရုပ်ဆောင် မင်းမော်ကွန်းကို တွေ့ရစဥ်
ဓါတ်ပုံ - မင်းမော်ကွန်း ဖေ့စ်ဘွတ်
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ တက္ကသိုလ်ရိပ်မွန် အိမ်ရာမှာရှိတဲ့ သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း (ခေါ်) ကိုကျော်ကျော်ဌေးလွင်ရဲ့ နေအိမ်တိုက်ခန်းကို စစ်ကောင်စီက ဩဂုတ်လ ၂၈ ရက်နေ့မှာ ချိပ်ပိတ်လိုက်တယ်လို့ အနီးအနား နေထိုင်သူတွေက ပြောပါတယ်။
 
“ရပ်ကွက်လူကြီးတွေနဲ့ စစ်သားတွေနဲ့ လာပြီးပိတ်သွားတာ။ ကိုကျော့်အတွက်တော့ စိတ်မကောင်းပါဘူး”
 
သရုပ်ဆောင် မင်းမော်ကွန်းကလည်း သူရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ နေအိမ် ချိပ်ပိတ်တဲ့အပေါ် ဂရုစိုက်မှာမဟုတ်ကြောင်း ရေးသားထားပါတယ်။
 
မင်းမော်ကွန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဧပြီလမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတာပါ။
 
လက်ရှိ သူတို့မိသားစုဟာ သြစတြေးလျနိုင်ငံမှာ ခိုလှုံနေပြီး တော်လှန်ရေးအတွက် ရန်ပုံငွေ ရှာဖွေတဲ့နေရာမှာ ပါဝင်ကူညီနေသူတွေလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီဟာ သရုပ်ဆောင် အကယ်ဒမီ ကျော်သူ၊ အဆိုတော် လင်းလင်းနဲ့ ဇနီး ချစ်သုဝေ၊ အဆိုတော် ချမ်းချမ်း၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေး၊ ဒါရိုက်တာ ကိုပေါက် အစရှိတဲ့ အနုပညာရှင်တွေရဲ့ နေအိမ်တွေကိုလည်း နိုင်ငံတော်ပိုင်ဆိုပြီး ချိပ်ပိတ် သိမ်းယူထားပြီး ဖြစ်ပါတယ်။
 
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေရဲ့ နေအိမ်တွေ၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေနဲ့ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူတွေရဲ့ နေအိမ်တွေ ကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ချိပ်ပိတ်တာတွေ လုပ်ခဲ့ပါတယ်။
 
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း နေအိမ် အဆောက်အအုံ အရေအတွက် စုစုပေါင်း ၇၀၉ ခုထက် မနည်း ချိပ်ပိတ်ခံထားရပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-08-30 09:49

Very good 👍