အထက်မင်းလှမြို့ Mytel တာဝါတိုင် ကေဘယ်လ်ကြိုးတွေ မီးရှို့ခံရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာရဲ့ အနောက်ဘက်မှာရှိတဲ့ Mytel တာဝါတိုင်က ကေဘယ်ကြိုးတွေကို စက်တင်ဘာလ ၁၃ ရက် မနေ့ နေ့လယ်ပိုင်းက မီးရှို့ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်ကတည်းက Mytel လိုင်းတွေ မရတော့တာကိုတော့ သတိထားမိတယ်၊ ရဲတွေလာစစ်တော့မှ သေချာသိရတာ'' လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
အထက်မင်းလှမြို့နယ်မှာတော့ အခုလို Mytel နဲ့ပတ်သက်ပြီး ဖျက်ဆီးခံရတာ ပထမဦးဆုံး ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ငါးဘတ်အိုင်ကျေးရွာအနီးက Mytel တာဝါတစ်တိုင် ဖျက်ဆီးခံရမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်သလဲ ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။
RFA က စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့အထိအချိန် တစ်ပတ်တာ ကာလအတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ တိုင်းသုံးခုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ မြို့နယ်တွေမှာ ဖောက်ခွဲဖျက်ဆီးခံရတဲ့ ဆက်သွယ်ရေးတာဝါတိုင်ပေါင်း ၅၀ ဝန်းကျင်ရှိနေပါတယ်။