ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားရမှာဖြစ်ကြောင်း ကာ/ချုပ် ပြောကြား
2017.11.16

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ တကယ့် မြန်မာနိုင်ငံသား အစစ်အမှန်တွေက ပြန်လည်လက်ခံဖို့ အသင့်ဖြစ်တဲ့အချိန်ကျမှ ပြန်လာနိုင်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့တာပါ။
ထွက်ခွာသွားသူတွေကို ဥပဒေနဲ့အညီ ပြန်လည်လက်ခံဖို့ ဆောင်ရွက်နေရာမှာ ဒေသခံ တိုင်းရင်းသားရခိုင်တွေနဲ့ ဘင်္ဂါလီလူမျိုးတွေ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အခြေအနေရှိဖို့လိုအပ်ပြီး မြန်မာနိုင်ငံသား စစ်စစ်တွေဖြစ်တဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကိုအလေးထားရမှာဖြစ်ကြောင်း၊ ဒေသခံရခိုင် တိုင်းရင်းသားတွေက လက်ခံမှသာ ပြည်သူလူထုအားလုံးက ကျေနပ်လက်ခံမှာ ဖြစ်ကြောင်း၊ဒေသခံတွေ လက်ခံနိုင်မယ့် အခြေအနေ မရှိရင် နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။.
ဒါ့ပြင် ထွက်ခွာသွားသူတွေကို ပြန်လည် လက်ခံရာမှာလည်း ၁၉၈၂ ခုနှစ်နိုင်ငံသားဥပဒေ၊ ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်တွေနဲအညီ စိစစ်လက်ခံမှာဖြစ်ပြီး ငြင်းပယ်ဖို့မရှိကြောင်း၊ ၁၉၇၈ ခုနှစ်ကလည်း အလားတူ ဖြစ်စဉ်တခုဖြစ်ပွားခဲ့ကြောင်း၊ အဲဒီအချိန်က မြန်မာနိုင်ငံဘက်က ကောက်ယူထားတဲ့ စာရင်းအရထက် လူဦးရေ ၃၀၀၀၀ ကျော် ပိုမိုလက်ခံခဲ့ရကြောင်း၊ အခုအချိန်မှာတော့ တဖက်ကပြောတဲ့ လူအရေအတွက်အတိုင်း လက်ခံလို့ မရကြောင်း၊ ဒီကိစ္စတွေကို အစိုးရက ဆောင်ရွက်မှာ ဖြစ်ပြီး တပ်မတော်က ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်းလည်း ပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facerbook စာမျက်နှာမှာ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြထားပါတယ်။