မင်းတပ်မြို့က ချင်းရွာတစ်ရွာ မကွေးတိုင်းထဲရောက်သွားလို့ ဒေသခံတွေ ဆန္ဒပြ

2020.12.22
မင်းတပ်မြို့က ချင်းရွာတစ်ရွာ မကွေးတိုင်းထဲရောက်သွားလို့ ဒေသခံတွေ ဆန္ဒပြ ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့မှာ ဆန္ဒပြခဲ့ကြသူတွေကို ၂၀၂၀ ဒီဇင်ဘာလ ၂၂ ရက်နေ့က တွေ့ရစဉ်
Photo : DarBy Lwin Thang
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်းက ရွှေအောင်သာကျေးရွာကို မကွေးတိုင်းဒေသကြီး ထီးလင်းမြို့နယ်ထဲ ထည့်သွင်းထားတာကို နဂိုမူလအတိုင်း ချင်းပြည်နယ်ထဲ ပြန်ထည့်ပေးဖို့ ဒေသခံ ၃၀ ခန့်က ဒီနေ့ ဒီဇင်ဘာလ၂၂ရက် မနက်ပိုင်းမှာ မင်းတပ်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
 
"ရည်ရွယ်ချက်ကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်တို့ကြားမှာရှိတဲ့ ရွှေအောင်သာရွာကို နယ်နိမိတ်ပြန်မှတ် စေချင်တာပါ။ ဘာလို့လဲဆိုတော့ ရွှေအောင်သာကျေးရွာ မကွေးတိုင်းထဲပါသွားတာ ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။"လို့ ဆန္ဒဖော်ထုတ်ရာမှာ ဦးဆောင်ခဲ့တဲ့ မင်းတပ်ဒေသခံ  ဦးဂေကီး က RFAကို ပြောပါတယ်။
 
ရွှေအောင်သာကျေးရွာဟာ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၃၀)ရက်နေ့ ရက်စွဲအရ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်မှာ တည်ရှိတယ်လို့ တိုင်းဒေသကြီး၊ ပြည်နယ်များနဲ့ နေပြည်တော် အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများ စာအုပ်မှာ ဖော်ပြထားပါတယ်။
 
ဆန္ဒပြတောင်းဆိုသူတွေဟာ မကွေးတိုင်းဘက်က နယ်နိမိတ်ကျူးကျော်မှုတွေနဲ့ ရွှေအောင်သာရွာက အပြစ်မဲ့ပြည်သူတွေကို တရားစွဲဆိုထားတာတွေကို ရပ်ပေးဖို့နဲ့ ချင်းပြည်သူတွေရဲ့ အသက်အိုးအိမ်ကို နိုင်ငံတော်အစိုးရက အပြည့်အဝ အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
 
ရွှေအောင်သာကျေးရွာဟာ အိမ်ခြေ ၂၃ အိမ်ရှိပါတယ်။
 
ပြီးခဲ့တဲ့၂၀၁၀၊ ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွေမှာ ဒီရွာနေထိုင်သူတွေဟာ မင်းတပ်မြို့နယ်  မဲစာရင်းမှာပါဝင်ခဲ့ကြပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မကွေးတိုင်းက မဲစာရင်းမှာ ပါဝင်ခဲ့တယ်လို့ ပြောကြပါတယ်။
 
ရွှေအောင်သာရွာသား ၁၉ ဦးကို မ‌ကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ် သစ်တောဦးစီးဌာနက သစ်တော နယ်‌မြေကိုကျူးကျော်တယ်ဆိုပြီး တရားစွဲဆိုထားတာရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။