မင်္ဂလာဒုံ ရပ်ကွက်ငါးခုကို လာမည့် သုံးရက်အတွင်း အပြီးဖယ်ရှားဖို့ စစ်ကောင်စီ ထပ်မံကြေညာ

2022.11.18
မင်္ဂလာဒုံ ရပ်ကွက်ငါးခုကို လာမည့် သုံးရက်အတွင်း အပြီးဖယ်ရှားဖို့ စစ်ကောင်စီ ထပ်မံကြေညာ ရွှေ့ပြောင်းဖယ်ရှားပေးရန် ကြေညာထားသည့် မင်္ဂလာဒုံမြို့နယ် ရပ်ကွက်ငါးခုမှာ နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်က တပ်ပိုင်မြေမှာ ပါဝင်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ဖယ်ရှားခိုင်းထားတဲ့ ရပ်ကွက်ငါးခုကို စစ်ကောင်စီက နောက်ထပ်အချိန်သုံးရက်ထပ် ပေးထားတယ်လို့ ရပ်ကွက်မှာနေထိုင်သူတွေက RFA ကိုပြောပါတယ်။
 
ဒီရပ်ကွက်ငါးခုမှာ နေထိုင်သူတွေ အားလုံကို နိုဝင်ဘာလ ၂၂ ရက်နေ့မှာ နောက်ဆုံးပြောင်းရွှေ့ ဖယ်ရှားပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက အစည်းအဝေးခေါ်ပြီး ပြောဆိုထားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
“ရပ်ကွက်လူကြီးတွေက တဆင့်သိရတာတော့ ၂၂ ရက်နေ့အထိ ရွှေ့ဆိုင်း ပေးထားတယ်လို့ သိရတယ်ပေါ့။ ဒီနေ့ စစ်ကားနှစ်စီးနဲ့ ရပ်ကွက်တွေထဲပတ်ပြီး ၂၂ ရက်နေ့ နောက်ဆုံးရွှေ့ဖို့ လိုက်အော်နေကြတယ်“
 
စစ်ကောင်စီက ဖယ်ရှားရွှေ့ပြောင်းခိုင်းထားတဲ့ ရပ်ကွက်တွေကတော့ စံသမာဓိ၊ မြဲမြံအောင်၊ ဂုံညှင်းနီး၊ ဓမ္မပါလ၊ မြ၀တီရပ်ကွက်တွေဖြစ်ပြီး အဲဒီရပ်ကွက်ငါးခုမှာ အိမ်ခြေ တစ်သောင်းဝန်းကျင်နဲ့ လူဦးရေ ငါးသောင်းနီးပါး နေထိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ဒီရပ်ကွက်ငါးခုကို ရွှေ့ပြောင်းဖယ်ရှားပေးဖို့ ညွှန်ကြားထားတဲ့ နိုဝင်ဘာ ၁၁ ရက်နေ့စွဲပါ အမိန့်စာကို နိုဝင်ဘာ ၁၃ ရက်နေ့က စည်ပင်သာယာရေးအဖွဲ့ဝင်တွေ၊ ရဲနဲ့ စစ်ကောင်စီ တပ်သားတွေက ရပ်ကွက်တွေထဲ လိုက်ဖြန့်ဝေခဲ့တာပါ။
 
အဲဒီ အမိန့်စာထဲမှာ နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားဖို့ညွှန်ကြားထားပေမယ့် ရပ်ကွက်နေအိမ် အများစုကတော့ ပုံမှန်အတိုင်း ဆက်လက်နေထိုင်နေကြဆဲ ဖြစ်ပါတယ်။
 
နိုဝင်ဘာလ ၁၈ ရက် ဒီနေ့မှာတော့ နေအိမ်တချို့ ရွှေ့ပြောင်းမှုတွေရှိနေပြီး မပြောင်းရွှေ့ဘဲ အခြေအနေ စောင့်ကြည့်နေတဲ့ အိမ်တွေလည်းရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။