ပြည်သူတွေရဲ့နေအိမ်တွေ ဖျက်ဆီးတာ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို NUG သတိပေး

RFA Burmese
2022.12.10
ပြည်သူတွေရဲ့နေအိမ်တွေ ဖျက်ဆီးတာ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို NUG သတိပေး ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် စံသမာဓိရပ်ကွက်ရှိ ဖြိုဖျက်ထားတဲ့ အဆောက်အဦတစ်ခုကို‌ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။
RFA

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ပြည်သူတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဖျက်ဆီးနေတာတွေ၊ မြေယာတွေ သိမ်းဆည်းနေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီဇင်ဘာလ ၁၀ ရက်နေ့က ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။

စစ်ကောင်စီနဲ့ လက်အောက်ခံ စည်ပင်သာယာရေးကော်မတီဝန်ထမ်းတွေ၊ စစ်ကောင်စီအပေါင်းအပါတွေအနေနဲ့ ဒီသတိပေးချက်ကို မလိုက်နာဘဲ ဆက်လက်ကျူးလွန်နေရင် ထိရောက်စွာရေးယူသွားမှာဖြစ်ကြောင်းနဲ့ နစ်နာဆုံးရှုံးခဲ့တဲ့ ပြည်သူတစ်ဦးချင်းစီအတွက် တရားမျှတမှုနဲ့ ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေကို အာမခံဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ရန်ကုန် မင်္ဂလာဒုံမြို့နယ် ရပ်ကွက် ၅ ခုက အိမ်ခြေ တစ်သောင်းကျော်နဲ့ လူဦးရေ ၅ သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သလို မရမ်းကုန်မြို့နယ်က အိမ်ထောင်စု ၁၀၀ ကျော်နဲ့ မန္တလေးမြို့က အိမ်ထောင်စုပေါင်းများစွာလည်း အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဒါဟာ အခြေခံလူ့ကျင့်ဝတ်ကို ချိုးဖောက်တာတင်မကဘဲ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာပြဌာန်းချက်ပါ လူတိုင်း လုံလောက်တဲ့ အိမ်ရာ၊ စားနပ်ရိက္ခာနဲ့ အခြေခံဝန်ဆောင်မှုတွေ ရရှိခွင့်ကို ချိုးဖောက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး လူအစုအပြုံလိုက်ရွှေ့ပြောင်းစေခြင်းတွေ နဲ့ ပြည်သူတွေကို အကြောက်တရားနဲ့ တော်လှန်ရေးနဲ့ ကင်းကွာအောင် လုပ်ဆောင်နေသလို မြို့ပြပြည်သူတွေရဲ့ အိုးအိမ်တွေကို ဖျက်ဆီးခြင်းတွေနဲ့လည်း ပြည်သူ့တော်လှန်ရေးကို အားပျော့လာအောင် စစ်ကောင်စီက လုပ်ဆောင်နေတယ်လို့ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။