မင်္ဂလာဒုံမြို့နယ်မှာ ရွာသားတွေဆန္ဒပြ
2012.07.09

ဒီကိစ္စကို အာဏာပိုင်ဘက်တွေက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် စုဝေး ဆန္ဒပြခဲ့ကြတာ ဖြစ်ပြီး တောင်းဆိုချက်တွေ မရမချင်း ဆက်လက်ဆန္ဒပြသွားမယ်လို့ ရွှေနံ့သာ ရွာသူတစ်ဦးက ဆန္ဒပြပွဲမှာ RFA ကို အခုလို ပြောပါတယ်။
"ကျွန်မတို့ ခံစားရတာပေါ့နော်။ ကျွန်မတို့လယ်တွေကို ကျွန်မတို့ ပြန်လုပ်ချင်တယ်ပေါ့ အမှန်က။ သူတို့ ဒီအမှုခင်းကို မပြေလည်သရွေ့ ကျွန်မတို့ ဒီလိုပဲ ဆန္ဒပြသွားဦးမှာပဲ"
ရွှေနံ့သာကျေးရွာက လယ်ယာမြေ (၈၁၅) ဧက သီးစားချထားမှုနဲ့ ပတ်သက်လို့ တောင်သူ (၈၄) ဦးရဲ့ တင်ပြချက်တွေကို အာဏာပိုင်တွေဘက်က စိစစ်ခဲ့ကြောင်း၊ တင်ပြတဲ့ တောင်သူ ၈၄ ဦးအပြင် တောင်သူ (၁၀၄) ဦးကို တစ်ဧကကို (၃) သိန်းနှုန်းနဲ့ ကရုဏာကြေးပေးချေပြီး ဇေကမ္ဘာ ကုမ္ပဏီအပေါ် လွှဲပြောင်းပေးမှုကို နှစ်ဘက် သဘောတူညီခဲ့တဲ့အပြင် ဇေကမ္ဘာ ကုမ္ပဏီကို သီးစား ပြန်လည် ချပေးခဲ့ကြောင်း ရွှေနံ့သာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက ဇွန်လ (၆) ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအမိန့်အပေါ် ကျေနပ်မှုမရှိရင် ရက် (၃၀) အတွင်း မြို့နယ်အိုးအိမ်ဦးစီးဌာနထံ အယူခံဝင်နိုင်တယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။
ဒီအမိန့်ကို မကျေနပ်တဲ့အတွက် တောင်သူတွေ ဒီကနေ့ စုဝေး ဆန္ဒပြခဲ့ကြတာဖြစ်ပြီး တောင်းဆိုမှုတွေ မရဘူးဆိုရင် ခရိုင်အထိ အဆင့်ဆင့် အယူခံ ဝင်သွားမယ်လို့ တောင်သူတွေက ပြောပါတယ်။
သိမ်းယူထားတဲ့ လယ်မြေတွေအတွက် လက်ရှိပေါက်ဈေးရဲ့ (၁၀) ရာခိုင်နှုန်းကို နစ်နာကြေးပေးရေး တကယ်လို့ နစ်နစ်ကြေး မပေးဘူးဆိုရင် သိမ်းယူထားတဲ့ လယ်မြေတွေ ပြန်ပေးဖို့နဲ့ ဇေကမ္ဘာ ကုမ္ပဏီထံက လက်ခံရယူထားတဲ့ ကရုဏာကြေး (၃) သိန်းကိုလည်း ပြန်အမ်းဖို့ တောင်သူတွေဘက်က ကမ်းလှမ်း တောင်းဆိုထားကြောင်းလည်း သိရပါတယ်။