အနည်းဆုံးအခကြေးငွေ ကျပ် ၆၆၀၀ သတ်မှတ်ပေးဖို့ CTUM တောင်းဆို
2017.10.17

အလုပ်သမားတစ်ယောက်ရဲ့ တစ်ရက်အနည်ဆုံးအခကြေးငွေကို ကျပ် ၆၆၀၀ နှုန်းထားသတ်မှတ် ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ဒီနေ့ သဘောထားကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီနှုန်းထားဟာ လက်ရှိ ကုန်ဈေးနှုန်းအခြေအနေ လူနေမှုဘဝအခြေအနေနဲ့ ကိုက်ညီတဲ့ နှုန်းထားတစ်ရပ်ဖြစ် တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ကိုရဲဝင်းထွန်းက ပြောပါတယ်။
" ၆၆၀၀ ဆိုတဲ့နှုန်းထားတစ်ရပ်ကို အလုပ်သမားတွေရဲ့ တစ်နေ့နေထိုင်စားသောက်မှုကုန်ကျစရိတ်၊ ကျနော်တို့ CTUM ကလုပ်တဲ့ ဆာဗေးတွေ ရလဒ်အရရယ်၊ အခုလက်ရှိ တကယ်ကိုကုန်ဈေးနှုန်းတွေ ရင်ဆိုင်နေရတဲ့ အခြေအနေရယ် အလုပ်သမားတွေရဲ့ လူနေမှုဘဝအခြေအနေရယ် ဒီ ၆၆၀၀ ဆိုတဲ့နှုန်းထားတစ်ရပ်က ကျတော်တို့ စစ်တမ်းတွေရယ်၊ ခုနပြောတဲ့အခြေအနေရယ် ဆွေးနွေးမှုအရ ထွက်ရှိတွေ့ရှိလာတဲ့ဆိုတဲ့ဟာကို ကျနော်တို့က ထုတ်ပြန်ပြောကြားတာပါ"
အဲဒီနှုန်းထားကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာကျင်းပမယ့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ဆိုင်ရာ ကော်မတီ အစည်းအဝေးတွေမှာ တင်ပြသွားမှာဖြစ်ပြီး ဒီနှုန်းထားကို အလုပ်သမားတွေက လိုချင် လို့ တောင်းတာမဟုတ်ဘဲ တကယ်လိုအပ်လို့ တောင်းဆိုတာဖြစ်ကြောင်း စစ်တမ်းတွေနဲ့တကွ တင်ပြပြီး ဆွေးနွေးညှိနှိုင်းသွားမယ်လို့ ကိုရဲဝင်းထွန်း ကပြောပါတယ်။
ဒါ့အပြင် အရင်ကသတ်မှတ်ခဲ့တဲ့ အနည်းဆုံးလုပ်ခလစာ ၃၆၀၀ မှာ အလုပ်သမား ၁၅ ဦးအထက်ရှိတဲ့ လုပ်ငန်းတွေသာ အနည်းဆုံး လုပ်ခလစာ သတ်မှတ်ချက်မှာ အကျုံးဝင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အလုပ်သမားအရေအတွက်ကို နည်းနိုင်သမျှ နည်းအောင်သတ်မှတ်ပြီး အလုပ်သမားအားလုံး အကျုံးဝင်အောင် ဆွေးနွေးညှိနှိုင်း တင်ပြသွားမယ်လို့လည်း ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာလမှာ အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မတီဟာ အနည်းဆုံးလုပ်ခလစာ နှုန်းထားအသစ်တစ်ခုကို သတ်မှတ်နိုင်ဖို့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီလဆန်းလောက်က နေပြည်တော်မှာ အမျိုးသားအဆင့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီ အစည်းအဝေးကျင်းပခဲ့ပြီး အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အနည်းဆုံးအခကြေးငွေ ကျပ် ၄၀၀၀ ကနေ ၄၈၀၀ ကြား ဖြစ်သင့်ကြောင်း လျာထားဖို့ ပြောကြားခဲ့ပါတယ်။