အနည်းဆုံးလုပ်ခနဲ့ ခံစားခွင့်ရဖို့ အလုပ်သမားတွေ တောင်းဆို


2018.04.01
minimum-wage-protest-mdy-622.jpg အနည်းဆုံးလုပ်ခလစာနှုန်းထားအပြင် သီးခြားခံစားခွင့်တွေ အပြည့်အ၀ ရရှိရေးအတွက် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ တောင်းဆိုစဉ်
Photo: Khaymani Win/ RFA

အစိုးရက သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာနှုန်းထားအပြင် သီးခြားခံစားခွင့်တွေ အပြည့်အဝရရှိရေး အတွက် မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဦးဆောင်ပြီး အလုပ်သမား ၅၀ လောက်က ဒီနေ့ မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ တောင်းဆိုခဲ့ပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ နှုန်းထားကို အပြည့်အဝရရှိသလို တခြားခံစားခွင့်တွေ ရရှိရေးအတွက် လှုံ့ဆော်မှုတွေ ပြုလုပ်တာဖြစ်ပြီး မရရှိတဲ့အလုပ်သမားတွေကို အကူအညီတွေပေးသွားမယ်လို့ ဆန္ဒပြပွဲဦးဆောင်တဲ့ သမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင် က ပြောပါတယ်။

"အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့ အလုပ်သမားတွေ မရခဲ့ဘူး၊ ဒါမှမဟုတ် ပေးထားတဲ့အခွင့်အရေးတွေ ကို လျော့ပြီးတော့ ၄၈ဝဝ ပဲ ပေးခဲ့တယ်ဆိုလို့ရှိရင် အခုနေ ကျနော်တို့ရဲ့ဖုန်းနံပါတ်တွေကို ဟလို ဆိုပြီးတော့ပဲ ဆက်လိုက်ပါ၊ ကျနော်တို့ ကူညီဖို့လို့ပဲ ဒီလှုပ်ရှားမှုကိုလုပ်တာဖြစ်ပါတယ်၊ ၁၄(က) က ကျနော်တို့ အနည်းဆုံး လုပ်ခလစာဥပဒေပေါ့နော်၊ အလုပ်သမားတွေ သတ်မှတ်ထားတဲ့ အနည်းဆုံး လုပ်ခလစာနှုန်းကိုသော် လည်းကောင်း၊ အလုပ်ရှင်က ပို၍ပေးပါက ပိုပေးသော လုပ်ခလစာကိုသော်လည်းကောင်း ရထိုင်ခွင့်ရှိသည်ဆိုတဲ့ ပြဌာန်းချက်ပါ၊ အဲဒီပြဌာန်းချက်အရ ကျနော်တို့ အလုပ်သမားတွေက ၄၈ဝဝ ကိုလည်း ရထိုက်ခွင့်ရှိပါတယ်၊ ၄၈ဝဝ ထက်ပိုပြီးတော့ပေးထားတဲ့ ကျွမ်းကျင်ကြေး၊ လုပ်သက်ကြေး၊ နောက် စုကြေး၊ ဘောနက်ကြေး အများကြီး ရှိမယ်ပေါ့နော်၊ အဲဒါတွေအတွက် ပေးထားတယ်ဆိုလို့ရှိတယ်ဆိုရင်လည်း အဲဒါတွေအတွက် ရထိုက်ခွင့်ရှိပါတယ်၊ ဒါကို အလုပ်ရှင်များက ချိုးဖောက်လို့မရဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့က ဒီလှုပ်ရှားမှုကို ပြုလုပ်ရတာဖြစ် ပါတယ်"

အစိုးရက အနည်းဆုံးလုပ်ခလစာ တစ်ရက်ကို ကျပ် ၄၈၀၀ သတ်မှတ်လိုက်တဲ့အတွက် အလုပ်သမားတွေ ရရှိနေတဲ့ အခြားအခွင့်အရေးတွေ လျော့ချခံရတာတွေရှိလာမှာကို အစိုးရအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးသင့်တယ်လို့လည်း ကိုသက်နှင်းအောင် က ပြောပါတယ်။

အရင်အစိုးရလက်ထက်မှာ အနည်းဆုံးလုပ်ခလစာနှုန်းထားတစ်ရပ်ကို သတ်မှတ်ပြီးနောက် အလုပ်ရှင်တွေက သီးခြားခံစားခွင့်တွေဖြစ်တဲ့ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေး၊ အပိုဆုကြေး စတဲ့ ခံစားခွင့်တွေကို လျှော့ချတာတွေ ရှိခဲ့ပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် ပြီးခဲ့တဲ့အစိုးရလက်ထက်မှာ အလုပ်သမားတွေအတွက် အနည်းဆုံး လုပ်ခလစာနှုန်းထား သတ်မှတ်နိုင်ခဲ့ပေမယ့် အလုပ်သမားဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ အနည်းဆုံးအခကြေးငွေ ဥပဒေကို အလုပ်ရှင်တွေ မချိုးဖောက်ဖို့၊ အလုပ်သမား အငြင်းပွားမှုတွေ ကို မြန်ဆန်စွာ ဖြေရှင်းပေးဖို့၊ လာဘ်ပေးလာဘ်ယူ ပပျောက်ဖို့၊ လုပ်သက်ကြေး၊ ကျွမ်းကျင်ကြေးတွေ သတ်မှတ်ပေးဖို့ စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြပါတယ်။

အနည်းဆုံးလုပ်ခလစာနှုန်းထား နဲ့ သီးခြားခံစားခွင့် အပြည့်အ၀ မရရှိတဲ့ အလုပ်သမားတွေအနေနဲ့ ၀၉-၄၂၁၀၇၇၄၄၇၊ ၀၉-၇၆၂၅၂၅၈၂၀ နဲ့ ၀၉-၄၂၄၇၅၁၃၅၃ တို့ကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ် လို့လည်း ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။