အနည်းဆုံးလုပ်ခအဆိုပြုချက် သမ္မတထံ လုပ်ငန်းရှင်တွေ တင်ပြ
2017.12.02
လုပ်ငန်းရှင်တွေပေးနိုင်တဲ့ အနည်းဆုံးလုပ်ခလစာကို နိုင်ငံတော်သမ္မတထံ တင်ပြထားပေမယ့် အလုပ် သမားတွေ တောင်းဆိုနေတဲ့ ကျပ် ၅၆၀၀ ကို အထည်ချုပ်လုပ်ငန်းရှင်တွေ ပေးနိုင်ဖို့ အခက်အခဲရှိတယ် လို့ ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဌ ဦးအေးသောင်းက ဒီနေ့ ပြောပါတယ်။
လက်ရှိပေးနေတဲ့ ကျပ် ၃၆၀၀ ထက် ပိုတဲ့နှုန်းထားတစ်ခုကို သမ္မတထံ တင်ပြထားတာဖြစ်တယ်လို့ ဦးအေးသောင်း က ပြောပါတယ်။
"ကျနော်တို့ အလုပ်ရှင်တွေဘက်ကတော့ ပေးနိုင်သလောက်ကို အလုပ်ရှင်တွေကို ဦးဆောင်နေတဲ့ အဖွဲ့တွေက နိုင်ငံတော်သမ္မတကို တင်ထားပြီးပြီ အဖက်ဖက်က ချွတ်ခြုံကျပြီး စီးပွားရေး မကောင်းနေ တဲ့ အချိန်မှာတော့ ကောင်းတဲ့ဘက်ကို ဦးတည်တဲ့လုပ်ငန်းမှန်သမျှ ကျနော်တို့ အားပေးပါတယ်၊ မကောင်း တဲ့ အလုပ်မှန်သမျှကိုတော့ ကျနော်တို့ အားမပေးချင်ပါဘူး၊ ၃၆၀၀ မကပါဘူး ပိုပေးထားပါတယ် အများ ကြီးပါ၊ ဘယ်လောက်လဲတော့ ကျနော် အတိအကျမပြောလိုပါဘူး၊ ကျနော်တို့ ၆ ထောင်ဘဲ ပေးပေး ၇ ထောင်ပဲပေးပေး ကျနော်တို့ ပေးလို့မရပါဘူး၊ နိုင်ငံတော်လုပ်မယ့်ကိစ္စဖြစ်နေလို့ပါ ဒီဖြစ်လုပ် ငန်းတွေတော့ အဆင်ပြေပါတယ် ပြဿနာမရှိဘူး၊ အထည်ချုပ်လုပ်ငန်းတွေအတွက် အဆင်မပြေဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ရတဲ့ပိုက်ဆံနဲ့ ပေးရတာနဲ့ လုပ်တဲ့လုပ်အားပေါ်မှာ ချိန်ထိုးကြည့်လိုက်ရင် သူတို့အများစုက ပိတ်သွားမယ့်သဘောမြင်တယ်"
အနည်းဆုံး လုပ်ခလစာ ၅၆၀၀ ကျပ်ကို အထည်ချုပ်လုပ်ငန်းတွေက မပေးနိုင်တဲ့အတွက် အချို့စက်ရုံတွေ ပိတ်သိမ်း ဖို့ စီစဉ်နေကြသလို အလုပ်ရှင် အလုပ်သမားပြဿနာ ဖြစ်ပွားတာတွေဟာလည်း အထည်ချုပ်စက်ရုံတွေမှာ အများ ဆုံးဖြစ်တယ်လို့ ပြောပါတယ်။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်ရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေအနေနဲ့ ဝင်ရောက်ဖြေရှင်း ကူညီပေးဖို့ လိုအပ်ကြောင်း၊ လက်ရှိနိုင်ငံအတွင်း ကုန်ဈေးနှုန်းမြင့်မားနေမှုတွေက အလုပ်သမားတွေအတွက် လုပ်ခလစာ မလုံလောက်မှုတွေ ဖြစ်ပေါ်ရတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ အခြေခံစားသောက် ကုန်ဈေးနှုန်းတွေကိုလည်း ထိန်းချုပ်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။
အနည်းဆုံးလုပ်ခလစာ ၅၆၀၀ ရရှိရေးအတွက် အလုပ်သမားတွေဖက်က ဆန္ဒပြတောင်းဆိုမှုတွေ မပြုလုပ်ဘဲ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့အတွက် တိုက်တွန်းကြောင်း ရွှေလင်ဗန်းစက်မှုဇုန် ဥက္ကဋ္ဌ ဦးအေးသောင်းက ပြောပါတယ်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးက အလုပ်သမားအားလုံးအတွက် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်ရက်လုပ်အားခ ကျပ် ၃၆ဝဝ ပေးဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
အစိုးရသစ်လက်ထက်မှာ အနည်းဆုံးလုပ်ခလစာ ပြန်လည် ပြင်ဆင်ဖို့အတွက် ၂၀၁၈ ခုနှစ် မေလလောက်မှာ အတည်ပြုပြဋ္ဌာန်းနိုင်မယ်လို့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး ကော်မတီဒုတိယဥက္ကဋ္ဌ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်းအားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောထားပါတယ်။