အလုပ်ရှင်နဲ့ အလုပ်သမားတွေ တင်ပြတဲ့ အနည်းဆုံးအခကြေးငွေ နှုန်းထား ကွာဟ


2017.11.05
daily-wage-meeting-622 အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂ ရက်နေ့က နေပြည်တော်မှာကျင်းပစဉ်
Photo: Win Ko Ko Latt/RFA

အနည်းဆုံးအခကြေးငွေနှုန်းထားအသစ် သတ်မှတ်နိုင်ရေးအတွက် အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ တင်ပြတဲ့ နှုန်းထား နှစ်ခုကြား ကွာဟမှုတွေရှိနေတာကြောင့် အစိုးရအတွက် စိန်ခေါ်မှုဖြစ်နေတယ်လို့ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီက အလုပ်သမားအဖွဲ့အစည်းတွေ၊ အလုပ်ရှင်တွေနဲ့ ရန်ကုန်မြို့မှာ မနေ့က တွေ့ဆုံခဲ့ရာမှာ နှစ်ဖက်သဘောထား တင်ပြချက်တွေနဲ့ပတ်သက်ပြီး အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

"တချို့အလုပ်သမားကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်တွေလည်း တော်တော်ကောင်းပါတယ်။ အလုပ်ရှင်တွေ တကယ်ပဲအခက်အခဲဖြစ်နေတာလား၊ အခက်အခဲရှိနေတဲ့ကိစ္စကို သူတို့အနေနဲ့ ပွင့်ပွင့် လင်းလင်းပြောပြစေချင်တာပေါ့၊ ပွင့်ပွင့်လင်းလင်းသာတစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေးမယ်ဆိုရင် သူတို့က လျော့မယ်ဆိုလည်း လျော့ပေးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေပြောတဲ့ အလုပ်သမားကိုယ်စား လှယ်တွေလည်းပါပါတယ်၊ ဒါလေးတွေကလည်း ပြောမယ်ဆိုရင်တော့ ဇွတ်ကြီးတော့ ပြောနေကြတာ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ ယူရမယ်ဆိုတာမျိုးပြောတဲ့အတွက် ညှိရ မယ့်သူတွေအတွက် တော့ နည်းနည်းလေးတော့ အခွင့်အရေးကောင်းတယ်လို့ပြောလို့ရတာပေါ့"

အလုပ်သမားအဖွဲ့အစည်းတွေဘက်က ကျပ် ၅၆၀၀ ကနေ ၆၆၀၀ ကြား တင်ပြထားပြီး အလုပ်ရှင်တွေဘက်တော့ ကျပ် ၄ထောင် ခန့်သာ သတ်မှတ်ပေးဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

အလုပ်ရှင်တွေဘက်က အခွန်ပေးဆောင်ရတာတွေ၊ လျှပ်စစ်မီးအခက်အခဲ၊ မြေဈေးကြီးမြင့်မှုတွေကြောင့် အလုပ်သမားတွေတောင်းဆိုတဲ့နှုန်းထားကို ပေးဖို့ အခက်အခဲရှိနေတယ်လို့ တင်ပြထားကြောင်း ဦးမျိုးအောင်ကပြောပါတယ်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာကော်မတီဟာ ဒီလထဲမှာပဲ မန္တလေးမှာရှိတဲ့ အလုပ်သမား အဖွဲ့အစည်းတွေ၊ အလုပ်ရှင်တွေနဲ့ တွေ့ဆုံသွားဦးမယ်လို့ သိရပါတယ်။

အနည်းဆုံးလုပ်ခလစာနှုန်းထားအသစ်ကို လာမယ့်နှစ် မေလလောက်မှာ အတည်ပြုနိုင်ဖို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။