ရွေးကောက်ပွဲလေ့လာဖို့ ဥရောပသမဂ္ဂနဲ့ ကာတာ ရန်ပုံငွေအဖွဲ့ကို ဖိတ်ကြား
2015.03.25

ဒီနှစ်ကုန်ပိုင်းမှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ EU ဥရောပသမဂ္ဂနဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာရဲ့ ကာတာဌာန တို့ကို ဖိတ်ကြားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။
လာမယ့်ရွေးကောက်ပွဲ လွတ်လပ်ပြီးတရားမျှတမှုရှိရှိ ကျင်းပတယ်ဆိုတာ သေသေချာချာ စောင့်ကြည့်လေ့လာ ဖို့ အီးယူနဲ့ ကာတာဖေါင်ဒေးရှင်းက အဖွဲ့ဝင်တွေကို လာရောက်ခွင့်ပြုမှာပါ၊ ဒီရွေးကောက်ပွဲဟာ နှစ်ပေါင်း များစွာအတွင်း ဒီမိုကရေစီနည်းနဲ့ ရွေးကောက် တင်မြှောက်ခံခဲ့ရတဲ့ အစိုးရတစ်ရပ်က ပထမဆုံး အကြိမ် ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါမယ် လို့လည်း ပြောဆိုကြောင်း ရိုက်တာသတင်း က ဖေါ်ပြပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံအနေနဲ့ လွန်ခဲ့တဲ့ ၆၅ နှစ်အတွင်း ပထမဆုံးအကြိမ် အနောက်နိုင်ငံတွေက ရွေးကောက်ပွဲ လေ့လာသူတွေကို ဖိတ်ခေါ်မယ့်ကိစ္စလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲကျင်းပခဲ့စဉ်က နိုင်ငံခြားလေ့လာသူတွေကို လာရောက်ခွင့်မပြုခဲ့သလို၊ NLD ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း အရှေ့တောင်အာရှနိုင်ငံတွေ က လေ့လာသူတွေကိုသာ လာရောက်ခွင့်ပြုခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုတော့ စစ်အစိုးရက အကောင်အထည်မဖေါ်ခဲ့ပဲ အနိုင်ရ NLD ပါတီကို ဖိနှိပ်ခဲ့ပါတယ်။ စစ်တပ်အာဏာမသိမ်းခင် ၁၉၆၀ ရွေးကောက်ပွဲ တုန်းက နိုင်ငံခြားလေ့လာသူတွေကို ဖိတ်ကြားခဲ့တာရှိမရှိ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
၂၀၁၅ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ပထမပတ်အတွင်း ကျင်းပဖွယ်ရှိပါတယ်။ ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ဧပြီလကုန် နောက်ဆုံးထားပြီး မှတ်ပုံတင်ရမယ်လို့ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားပါတယ်။
ဒီအတွင်း အမေရိကန်အခြေစိုက် IRI ခေါ် နိုင်ငံတကာ ရီပါဘလီကင်အဖွဲ့ ဥက္ကဌ သံအမတ်ကြီး Mark Green ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော် သမ္မတ အိမ်တော်မှာတွေ့ဆုံ ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ် တရား မျှတဖို့ ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး အတွက် ကူညီဆောင်ရွက်ပေးနေတာတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။