မြန်မာ အမေရိကန် ဆက်ဆံရေးတိုးတက်မှု တရုတ်အတွက် ပြန်လည် သုံးသပ်စရာဖြစ်
2012.11.23

အခုဆိုရင် မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံပေါ် နှစ်ရှည်လများ အားကိုးအားထား လုပ်ခဲ့ရတာတွေကို ပြောင်းလဲပစ်တဲ့ လမ်းကြောင်းပေါ် တက်လှမ်းနေပြီလို့ ဟောင်ကောင်တက္ကသိုလ်က မြန်မာ့ရေးရာ ပညာရှင် Renaund Egreteau က ပြောပါတယ်။
နောက်ပညာရှင်တဦးဖြစ်တဲ့ တရုတ်နိုင်ငံ ခေတ်ပြိုင်နိုင်ငံတကာရေးရာ ညွှန်ကြားရေးမှူး Yuan Peng ကလည်း လက်ဝါးကြီးအုပ် ချုပ်ကိုင်တဲ့ခေတ် ကုန်ဆုံးသွားပြီဆိုတာ ရှင်းပါတယ်။
ဒါပေမဲ့ သြဇာလွှမ်းမိုးတာကတော့ ကျန်နေအုံးမှာပါပဲလို့ သူကပြောပါတယ်။ အမေရိကန်ဟာ တရုတ်နိုင်ငံထွန်းသစ်လာတာကို အရှိန်နှေးသွားအောင် ဒါမှမဟုတ် အနှောင့်အယှက်ဖြစ်အောင် စစ်ရေးမဟုတ်တဲ့ နည်းလမ်းတွေ သုံးပါလိမ့်မယ်လို့ ပြောပါတယ်။
ဘေဂျင်းမြို့တက္ကသိုလ်တခုက နိုင်ငံခြားဆက်ဆံရေးရာပညာရှင် ပါမောက္ခ Chen Qi က လည်း တရုတ်နဲ့ မြန်မာနိုင်ငံရဲ့ နက်ရှိုင်းလှတဲ့ဆက်ဆံရေးက ညတွင်းချင်း ပျောက်သွားမှာမဟုတ်ဘဲ မြန်မာနိုင်ငံဟာ နိုင်ငံတကာရဲ့ ထောက်ခံမှုရလာရင် နဂိုဆက်ဆံရေး မပျက်ယွင်းစေဖို့ တရုတ်နိုင်ငံဟာ သံတမန်ရေးမှာ ဒီထက် ကျွမ်းကျင်ဖို့လိုလာမယ်လို့ သုံးသပ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ယေးတက္ကသိုလ်က သုတေသီ Josh Gordon က အရပ်ဘက် လူ့အဖွဲ့အစည်းတွေနဲ့ ဒေသဆိုင်ရာ အသိုင်းအဝိုင်းတွေနဲ့ ဆက်ဆံဖို့ အကြီးအကျယ် ရှောင်လွှဲခဲ့ချိန်မှာ တရုတ်နိုင်ငံဟာ မြန်မာအာဏာပိုင်တွေနဲ့ ထူးထူးကဲကဲ ဆက်ဆံနိုင်တာကို အားရကျေနပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အခုတော့ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်ရှိတဲ့ နိုင်ငံမှာ ကျင့်သုံးခဲ့တဲ့ သူတို့နည်းသူတို့ဟန်ကို ပြန်စဉ်းစားသုံးသပ်ဖို့ တွန်းပို့တဲ့ အခြေအနေဆိုက်ရောက်နေပြီလို့လည်း ရှုမြင်ပါတယ်။