မိုးကုတ်ဒေသခံ ကျောက်လုပ်ငန်းသမားတွေ အခွင့်အရေးရရှိမယ်လို့ အစိုးရကတိပေး

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှာ ဒေသခံ ကျောက်လုပ်သူတွေရဲ့ နစ်နာမှုတွေကို အစိုးရ တာဝန်ရှိသူတွေထံ တင်ပြဆွေးနွေးရာမှာ အစိုးရ တာဝန်ရှိသူတွေက တောင်းဆိုချက်တွေထဲက တစ်ချို့ကို လိုက်လျောလိုက်ပါတယ်။

2012.11.20

ဒေသခံ မိုးကုတ်မြို့ အနောက်ပိုင်းဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဝင် (၃၀၀) ကျော်ဟာ သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်တို့နဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲမှာ ဒေသခံတွေက ကျောက်တူးဖော်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ တောင်းဆိုချက် (၇) ချက်ပါ စာတမ်းကိုဖတ်ပြပြီး၊ တင်ပြ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီစာတမ်းပါအချက်တွေထဲက အချက်(၃)ချက်ကို အစိုးရ တာဝန်ရှိသူတွေဖက်က လိုက်လျောပေးခဲ့ပြီး ကျန်တဲ့အချက်တွေကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့ကြောင်း တင်ပြသူတွေထဲမှာပါတဲ့ မရီရီထွန်းက RFA ကို ပြောပါတယ်။

ဒေသခံတွေ တောင်းဆိုတဲ့ အချက် (၇) ချက်ထဲက မိုးကုတ်မြို့က ကျောက်တူးဖော်ရေးလုပ်ငန်းတွေမှာ တပိုင်တနိုင် လုပ်ကိုင်နိုင်တဲ့လုပ်ကွက်တွေကို ခြောက်လတစ်ကြိမ် ခေါ်ယူပေးဖို့၊ မိုးကုတ်ဒေသက ထွက်ရှိလာတဲ့ တန်ဖိုးနည်းကျောက်တွေကို ဒေသတွင်းမှာပဲ မြန်မာကျပ်ငွေနဲ့ ပြန်လည်ရောင်းချပေးဖို့၊ နိုင်ငံတော်စီမံကိန်း ဧရိယာတွေထဲက ကျောက်တူးဖော်ရေး လုပ်ငန်းအကောင်အထည်မဖော်တဲ့ နေရာတွေမှာ ဒေသခံတွေကို ဦးစားပေး ပြန်လည်လုပ်ကိုင်ခွင့်ပေးဖို့ စတဲ့ သုံးချက်ကို လိုက်လျောပေးခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။