မိုးကုတ်ဒေသခံတွေ TNLA ကို ဆန္ဒပြဖို့ တိုင်းအစိုးရ ခွင့်မပြု

2020.12.19

ဒီဇင်ဘာလ ၁၉ ရက် ဒီကနေ့ မနက်မှာ မိုးကုတ်မြို့အရှေ့ပိုင်း ကန်ပတ်လမ်း မုံကွင်းမှာပြုလုပ်ဖို့ စီစဉ် ထားပေမယ့် မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရခဲ့ဘူးလို့ ဆန္ဒပြဖို့စီစဉ်သူ မိုးကုတ်မြို့ လူ့အခွင့်အရေးနဲ့ တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့က ကိုနိုင်မိုးက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးဖြစ်မှာစိုးတဲ့အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က ခွင့်ပြုချက်မပေးတာ ဖြစ်ပြီး အစိုးရအဖွဲ့ဆီ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

TNLA က ပြန်ပေးဆွဲထားတဲ့ မိုးကုတ်မြို့က စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း အတွက်တင် မဟုတ်သလို တခြားဒေသမှာလည်း လူထုကို ခြိမ်းခြောက်၊ ငွေတောင်းနေတဲ့ လက်နက်ကိုင်အဖွဲ့တွေကိုလည်း ရည်ရွယ်တယ်လို့ ဆန္ဒထုတ်ဖော်ဖို့ စီစဉ်သူတွေက ပြောပါတယ်။

မိုးကုတ်မြို့က ရပ်မိရပ်ဖ တစ်ဦးကတော့ ၂၀၁၉ ခုနှစ် နောက်ပိုင်းမှာ TNLA က လူဖမ်း ငွေတောင်းတာတွေ ပိုလုပ်လာခဲ့ပြီး နောက်ပိုင်း ပိုဆိုးလာတဲ့အတွက် လုပ်ငန်းရှင်တွေ ထွက်ပြေးခဲ့ကြရတယ်လို့ ပြောပါတယ်။

မနေ့က ညနေပိုင်းအထိ လက်နက်ကိုင်အဖွဲ့က မိုးကုတ်မြို့မှာ ဖုန်းဆက်ပြီး ငွေတောင်းနေတာ ရှိသေးတယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့မှာ လုပ်ငန်းရှင်တွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်ငန်းလုပ်ကိုင်နေသူတွေကို ဖုန်းဆက်ပြီး ငွေတောင်းတာကို TNLA အဖွဲ့က အများဆုံးလုပ်ကိုင်နေတာလို့ ဒေသခံ ရပ်မိရပ်ဖတွေက ပြောပါတယ်။

TNLA ပြောခွင့်ရသူ ဗိုလ်မှူးချုပ် တာဘုန်းကျော်ကတော့ လူထုရဲ့လွတ်လပ်စွာ သဘောထားထုတ်ဖော်ခွင့်ကို လေးစားကြောင်း လက်ရှိမှာ ဦးကျော်ဝင်းကို အခွန်ကိစ္စအတွက် ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ဦးကျော်ဝင်းဟာ မုန့်တိုက်လုပ်ငန်းအပြင် တခြား ကျောက်မျက်လုပ်ငန်းတွေနဲ့လည်း ပတ်သက်တာတွေ ရှိနေတယ်လို့ ပြောပါတယ်။

TNLA အနေနဲ့ မိုးကုတ်မြို့က ကျောက်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေကို ၂၀၁၆ ခုနှစ်ကတည်းက အခွန်ငွေ တောင်းခံနေတာဖြစ်ပြီး ဦးကျော်ဝင်း အနေနဲ့ ၂၀၁၈ မှာ ထပ်မံတောင်းခံတဲ့အထိ ပူးပေါင်းမပါဝင်ခဲ့လို့ ခေါ်ယူ ညှိနှိုင်းနေတာလို့ ပြောပါတယ်။ လက်ရှိမှာတော့ ဦးကျော်ဝင်း အပြင် တခြားသူတွေကို ဖမ်းဆီးထားတာတော့ မရှိဘူးလို့ ပြောပါတယ်။

မိုးကုတ် မြို့မိမြို့ဖတွေကတော့ တပ်မတော်နဲ့ အစိုးရအဖွဲ့က လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပိုမိုဆောင်ရွက်ပေးဖို့နဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ငွေတောင်းမှုတွေကို ရပ်တန့်ပေးဖို့ လိုလားနေကြတာပါ။

လက်ရှိမှာ မိုးကုတ်မြို့ အဝင်နဲ့ မြို့တွင်းနေရာအချို့မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင် တချို့က လုံခြုံရေး ဆောင်ရွက်နေတာကို တွေ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။