၆၇ နှစ်မြောက် မွန် တော်လှန်ရေးနေ့ ကျင်းပ
2014.08.10

အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ ၆၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူ မြို့နဲ့ မွန်ပြည်သစ်ပါတီ ဗဟိုဌာနချူပ်ရှိရာ ရေချောင်း ဖျားအပါအဝင် နေရာ ၅ နေရာမှာ မနေ့က ကျင်းပခဲ့ကြ ပါတယ်။
ဘုရားသုံးဆူမြို့နယ် ဗလယ်ဒွန်းဖိုက်ကျေးရွာမှာကျင်းပခဲ့ တဲ့ အခမ်းအနားကို မနေ့မနက်ပိုင်းက စစ်ရေးပြ အခမ်း အနားနဲ့အတူ ကျင်းပခဲ့ပါတယ်။
အခမ်းအနားမှာ မွန်ပြည်သစ်ပါတီ ဥက္ကဌ နိုင်ထောမွန်က လက်ရှိနိုင်ငံရေအခြေအနေအပေါ် စိုးရိမ်ကြောင်း သဘောထားတစ်စောင်ထုတ်ပြန်ခဲ့တယ်လို့ မွန်ပြည်သစ် ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာ ဗွန်ခိုင်းက ပြောပါတယ်။
"ဟိုးအရင်ခါက အဓိကကတော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိစ္စအတွက် NCCT ပေါ့နော် အဲ့ဒီကနေပြီးတော့ ဆွေးနွေးတယ်၊ ထင်တာထက်ကြာတာ အနေအထားလည်းရှိတယ် ၊ နောက်ယုံကြည်မှှု အပိုင်းကျတော့ အဲ့ဒါကြောင့် နည်းနည်းတော့ စိုးရိမ်တယ်၊ နောက်ကျနော်တို့ နိုင်ငံ ကလည်း ၆၅ နှစ်ရှိပြီ ပြည်တွင်းစစ်ဒဏ်ကိုခံပြီး အကုန်လုံးပဲ ချွတ်ခြုံကျတယ် ဘက်ပေါင်းစုံပေ့ါ၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းဝင်လာတယ၊် အဲ့ဒါတွေတွက်ကြည့်လိုက်ရင် လူထုမျက်နှာကိုကြည့်ပြီးတော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ်ပေါ့နော် ဒီနိုင်ငံကြီးတစ်ခုမှာ အပစ်အခတ်ရပ်စဲအောင်အထူး ကြိုးစားချင်တယ်၊ ဒီလိုမဖြစ်ဘူးဆိုရင်လည်း နိုင်ငံအတွက်ကတော်တော် မကောင်းဘူးပေါ့နော်၊ "
မွန်ပြည်သစ်ပါတီ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗွန်ခိုင်း ပြောကြားခဲ့တာပါ။ အခမ်းအနား မှာ မွန်ပြည်သစ် ပါတီမှာ စစ်မှုထမ်းခဲ့သူတွေကို သက်တမ်း အလိုက် ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရအပြီး၊ မွန်တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက် ဥပဒေ ဘောင် အတွင်းက ရုန်းကန်တိုက်ပွဲဝင်ခဲ့ပေမဲ့၊ ဖဆပလ အစိုးရရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ပြင်းထန်လာခဲ့တာကြောင့် မြန်မာ သက္ကရာဇ် ၁၃၁ဝ ပြည့်နှစ် ဝါခေါင်လပြည့်နေ့ ဘားအံမြို့နယ် ဇာသပြင်ကျေးရွာမှာ ဖဆပလ အစိုးရရဲ့ ကာကွယ်ရေး တပ်ဖွဲ့ထံက လက်နက်တွေသိမ်းယူပြီး မွန်တော်လှန်ရေး စတင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။