မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ ပြည်သူ့စစ်အဖြစ်ပြောင်းလဲ
မွန်ပြည်သစ်ပါတီကနေခွဲထွက်ခဲ့တဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီနဲ့ပူးပေါင်းပြီး ဌာနေပြည်သူ့စစ်အဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ အောက်တိုဘာလ (၁၀)ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ MPDF အနေနဲ့ ငြိမ်းချမ်းရေးနဲ့ အကြမ်းဖက်အန္တရာယ်ကို ကာကွယ်ရေးအတွက် ဌာနေပြည်သူ့စစ်အဖြစ် စစ်ကောင်စီစစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း၊ အကြမ်းဖက်လုပ်ရပ်မှန်သမျှကိုလည်း ကန့်ကွက်ရှုတ်ချကြောင်းနဲ့ ယခင်စစ်ဦးစီးချုပ် ဗိုလ်ချုပ်နိုင်ရှောင်ရဲ့တာဝန်ကို ဗိုလ်မှူးချုပ်နိုင်အောင်ထွန်းကို ပြောင်းလဲခန့်အပ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ MPDF ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်၊ ၂၀၁၀ ခုနှစ်ကတည်းက မွန်ပြည်သစ်ပါတီကနေခွဲထွက်ပြီး ရပ်တည်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တချို့ကို ၂၀၁၉ ခုနှစ်က တရားမဝင်လက်နက်နဲ့ မူးယစ်ဆေးဝါး တွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပြီး၊ ၂၀၁၇ ခုနှစ်ကလည်း ပေါင်မြို့နယ် သဲကုန်းကျေးရွာက သောင်ထွန်းမြေတွေကို လုပ်ပိုင်ခွင့်မရခင် ရောင်းစားခဲ့တဲ့အမှုတွေရှိခဲ့ကြောင်း ပြည်တွင်းသတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပါတယ်။