တည်ဆဲဥပဒေများကြောင့် ဥပဒေပြုရာမှာ အခက်တွေ့


2013.09.25

မွန်ပြည်နယ်လွှတ်တော်အတွင်း ဥပဒေပြုရာမှာ တည်ဆဲဥပဒေတွေကြောင့် အခက်အခဲရှိသလို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကြောင့် အခက်အခဲရှိတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးအောင်နိုင်ဦးက အခုလို ပြောပါတယ်။

လိုအပ်တဲ့ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အတွက် ပြည့်စုံမှုတော့မရှိသေးဘူး၊ ထပ်ကြိုးစားနေတုန်းပဲ၊ လုပ်ပိုင်ခွင့်တွေကို ကျနော်တို့ အပြည့်အဝသုံးနိုင်တဲ့ အနေအထားမရှိသေးဘူး၊ ဒီလိုမသုံးနိုင်သေးတာလည်း ကျနော်တို့အားနည်းချက်လည်း ပါတယ်ပေါ့လေ၊ တစ်ခုရှိတာက ကျနော်တို့က အဲလိုဥပဒေပြဌာန်းပေးတယ်၊ ကျနော်တို့က ဥပေဒပြုရေးကို လုပ်တဲ့နေရာမှာ ရေးရာကော်မတီအပြင် ပြင်ပကအတွေ့အကြုံရှိတဲ့ ဥပဒေပိုင်းဆိုင်ရာတွေပါ ပါတဲ့အတွက်ကြောင့်မို့ ဥပဒေရေးဆွဲရေးကတော့ ကျနော်တို့အားကြိုးမာန်တက်လုပ်နိုင်လာတယ်”

လွှတ်တော်ဥက္ကဌ ဦးကျင်ဖေကလဲ  မွန်ပြည်နယ်အတွင်း လွှတ်တော်ဥပဒေပြုရေးမှာ လိုအပ်ချက်တွေရှိနေတယ် လို့ ပြောပါတယ်။

"ကျနော်တို့လွှတ်တော်မှာ တပ်မတော်သားအပါအဝင် ၃၁ ယောက်ရှိတယ်၊ တကယ်တမ်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဘက်က ကျန်ခဲ့တဲ့အင်အားနည်းတယ်၊ ဒါကျနော်တို့ရဲ့ အားနည်းချက်ရှိတယ်၊ မဲခွဲလို့ရှိရင် ကျနော်တို့ဘက်က အင်အားနည်းတဲ့သဘောရှိတယ်၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းလိုမျိုးကျတော့ မြို့နယ်များတဲ့အတွက် ကိုယ်စားလှယ်များတယ်၊ အစိုးရဖွဲ့လိုက်တဲ့အခါကျတော့ ကိုယ်စားလှယ်ဘက်မှာ ကျန်တဲ့ခဲ့အတိုင်းအတာကများတယ်၊ ကျနော်တို့ဘက်မှာတော့ အင်အားနည်းနေတယ်၊ ဒီလိုအနေအထားမျိုးမှာ ကြည့်ပြီးတော့သွားရတဲ့အနေအထားမျိုးရှိတယ်"

မွန်ပြည်နယ်လွှတ်တော် ပထမအကြိမ် ဆဌမပုံမှန် လွှတ်တော်ပြီးဆုံးချိန်မှာတော့ ပြည်နယ်အတွက်လိုအပ်တဲ့ စည်ပင်ဥပဒေ၊ ဒေသန္တရစီမံကိန်းဥပဒေ၊ မြေယာခွန်ဥပဒေ၊ ကုန်တင်ကုန်ချဥပဒေ၊ ယစ်မျိုးခွန်ဥပဒေ စတာတွေအပါအဝင်  ဥပဒေ ၁၇ ခုကို ပြဌာန်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြည်နယ်အတွက် အရေးတကြီးလိုအပ်တဲ့ ဓာတ်မြေသြဇာ ရောင်းချဖြန့်ဖြူးမှုဆိုင်ရာ ဥပဒေလိုမျို ပြဌားန်ဖို့ ရာ လိုအပ်နေသေးတယ်လို့ ကျိုက်ထိုမဲဆန္ဒနယ်မှ ဥပဒေပြုရေးကော်မတီ ဥက္ကဌ ဦးစိန်မြင့်က ပြောပါတယ်။

ပထမအကြိမ် မွန်ပြည်နယ် ဆဌမပုံမှန်အစည်းအဝေးကို ယခုလ ၁၈ ရက်နေမှ ၂ဝ ရက်နေအထိ ကျင်းပခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။