ကျောက်မီးသွေး ဓါတ်အားစက်ရုံ မွန်အမျိုးသားပါတီ ကန့်ကွက်
2016.02.28

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာတည်ဆောက်မယ့် ထိုင်းနိုင်ငံသားပိုင် မော်လမြိုင် ဘိလပ်မြေစက်ရုံ အတွက် လောင်စာအသုံးပြု ဖို့၊ ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံတည်ဆောက်မယ့် ကိစ္စကို ဒေသခံတွေနဲ့အတူ ကန့်ကွက်ကြောင်း မွန်အမျိုးသား ပါတီက ကြေငြာချက်တစ်စောင် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
ဘိလပ်မြေစက်ရုံကို ကန့်ကွက်တာမဟုတ်ဘဲ ပတ်ဝန်းကျင်ဆိုးကျိုးဖြစ်စေမယ့် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံကို ကန့်ကွက်တာလို့ မွန်အမျိုးသား ပါတီ အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က ပြောပါတယ်။
"ဘိလပ်မြေစက်ရုံက သူတို့က ပြီးခဲ့တဲ့ ၂ နှစ်ထဲက သဘောထားထုတ်ပြန်ထားတယ်၊ လျှပ်စစ်နဲ့ သုံးမယ်၊ ဂက်စ်နဲ့ သုံးမယ်ပေါ့၊ ခုကျတော့ ကျောက်မီးသွေးနဲ့ သုံးတယ်၊ ပြည်သူတွေလည်း နစ်နာတယ်၊ ဒါအဆိပ်ဖြစ်စေမယ်၊ ကျောက်မီးသွေးလုပ်ငန်းဆိုတာ၊ ဆိုးကျိုးတွေသက်ရောက်မှာမို့လို့ ကျနော်တို့က ကန့်ကွက်တာ၊ ဘိလပ်မြေစက်ရုံကို ကန့်ကွက်တာမဟုတ်ဘူးလေ၊ ကျောက်မီးသွေးသုံးလို့၊ ကျောက် မီးသွေးဆိုးကျိုးအတွက် ကန့်ကွက်တာ"
မွန်အမျိုးသားပါတီအနေနဲ့ ကျိုက်မရောဒေသခံကရွာတွေမှာ ကျောက်မီးသွေးဆိုးကျိုး နဲ့ပတ်သက်ပြီး ပညာရှင် တွေနဲ့ အသိပညာပေး ဟောပြောပွဲတွေပြုလုပ် သွားမယ်လို့လည်း ပြောပါတယ်။
ဒီကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ပတ်သက်ပြီး လာမယ့် မွန်ပြည်နယ်လွှတ်တော်မှာ မွန်အမျိုး သားပါတီက ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တွေကနေ တင်ပြသွားမယ်လို့လည်း သိရပါတယ်။
အာဆီယံဒေသတွင်း ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ ထိုင်းအခြေစိုက် Siam Cement Group (SCG) က မွန်ပြည်နယ် ကျိုက်မရောမြိုနယ် ကွမ်ငန်းကျေးရွာအနီးမှာ မော်လမြိုင် ဘိလပ်မြေ တည်ဆောက်ဖို့ ၂၀၁၄ ခုနှစ်မှာ စတင်အကောင်ထည်ဖော် ခဲ့ပြီး တစ်နေ့ကို ဘိလပ်မြေတန်ချိန် ၅ ထောင်ကျော် ထုတ်လုပ်နိုင်မယ်လို့ သိရပါတယ်။
မော်လမြိုင် ဘိလပ်မြေကုမ္ပဏီလီမီတက်စီမံကိန်းမှာ အမေရိကန်ဒေါ်လာသန်း- ၄၀၀ ရင်းနှီးမြှုပ်နံှပြီး ၂၀၁၆ ဇူလှိုင်လမှာ စတင်လည်ပတ်မယ်လို့ သိရပါတယ်။