တိုင်းရင်းသား တန်းတူညီမျှရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ မွန်ပါတီခေါင်းဆောင် ပြော
2015.11.10

မွန်အမျိုးသားပါတီက ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အတော်များများမှာ ရှုံးနိမ့်ခဲ့ပေမယ့် တိုင်းရင်းသားတန်းတူ ညီမျှရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို လွှတ်တော်ပြင်ပကနေ ကြိုးပမ်းဆောင်ရွက် သွားမယ်လို့ မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းက ပြောပါတယ်။
ရွေးကောက်ပွဲရလဒ်အရ အစိုးရဖွဲ့ခွင့်ရလာမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပါတီဥက္ကဌ နိုင်ငွေသိမ်းက ပြောပါတယ်။
"ကျနော်တို့ တိုင်းပြည်မှာ အဓိကပြောင်းလဲဖို့လိုတာက ၂ဝဝ၈ ဖွဲ့စည်းပုံ၊ ဒါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကပဲ ကြားဖြတ်ရွေးကောက်ပွဲတုန်းက ကြွေးကြော်တာပါတယ်၊ တစ်ကပေါ့ ဥပဒေစိုးမိုးရေး၊ နှစ်က ငြိမ်းချမ်းရေး၊ သုံးက ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုပြီးပါတယ် ပါတဲ့အခါ သူတို့က ဆက်လုပ်မလား မလုပ်ဘူးလားပေါ့၊ ဆက်လုပ်လို့ရှိရင် ဆက်လုပ်သလောက် ဘယ်လောက်ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်တို့ စဉ်းစားဖို့လိုတယ်၊ တကယ်လို့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ဆက်လုပ်မယ် ဆိုရင် ကျနော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ဆိုတာတော့ ဝန်မလေးပါဘူး"
ဒီရွေးကောက်ပွဲမှာ မဲပေးခွင့်မရခဲ့သူတွေရှိတဲ့အတွက် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်တယ်လို့ ပြောလို့ မရကြောင်းလည်း ပြောပါတယ်။
မွန်အမျိုးသားပါတီဟာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ကိုယ်စားလှယ်လောင်း ၅၂ ဦးနဲ့ ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်ပြီး မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) ၊ ရေးမြို့နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) နဲ့ ရေးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) စတဲ့ နေရာ ၃ နေရာမှာသာ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ စာရင်းကောက်ယူမှုအရ မွန်ပြည်နယ် မဲဆန္ဒနယ် ၄၂ ခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၃၇ နေရာအနိုင်ရရှိပြီး မွန်အမျိုးသားပါတီက ၃ နေရာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ၁နေရာ နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ၁ နေရာ အနိုင်ရရှိထားတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်မှာ ဗမာ၊ ပအိုဝ်း နဲ့ ကရင် စတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနေရာတွေမှာ အနိုင်ရရှိသူစာရင်းကိုတော့ မသိရသေးပါဘူး။
မွန်အမျိုးသားပါတီ ဥက္ကဌ နိုင်ငွေသိမ်းကို RFA သတင်းထောက် မဝေမာထွန်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့က မွန်အမျိုးသားပါတီရုံးခန်းမှာ တွေ့ဆုံမေးမြန်းထားတာ နားဆင်နိုင်ပါတယ်။