မုံးကိုးမှာ လက်နက်ကြီးကျည် ဆော့ကစားရာကနေ ကလေး သုံးဦးသေဆုံး
2023.11.17

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ် ရပ်ကွက် ၆ အတွင်းမှာ နိုဝင်ဘာလ ၁၆ ရက် မနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ဆော့ကစားရာကနေ ပေါက်ကွဲမှုဖြစ်လို့ ကလေးသုံးဦး သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကလေးတွေက နွားကျောင်းရင်းနဲ့ တွေ့လာတာထင်တယ်။ ငှက်ပျောဖူးပုံစံမျိုးနဲ့ အဲဒါကို ယူလာပြီး လယ်ကွင်းထဲမှာ သွားဆော့ကြတာလေ။ ပေါက်ကွဲပြီး နှစ်ယောက်က နေရာမှပဲ သေသွားတယ်။ တစ်ယောက်ကတော့ ဆေးရုံပို့မလို့လုပ်တုန်းပဲ သေသွားတာ”
သေဆုံးသွားတဲ့ ကလေးတွေဟာ ယောကျ်ားလေးတွေဖြစ်ပြီး အသက် ၁၂ နှစ်အရွယ် နှစ်ဦးနဲ့ ၁၃ နှစ်အရွယ် တစ်ဦးဖြစ်တယ်လို့ သူက ပြောပါတယ်။
မုံးကိုးဒေသအတွင်း မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းကျန်ဆိုင်ရာ အသိပညာပေး လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးတဲ့ မုံးပေါ်ဒေသခံ ဒေါ်စန္ဒာကလည်း မုံးကိုးမှာ ကလေးငယ်တွေ၊ လက်နက်ကြီး ဆော့ကစားလို့ ထိခိုက်သေဆုံးခဲ့ရတဲ့သတင်းကို သူတို့လည်း ရရှိထားတယ်လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မုံးကိုးမြို့နယ် အတွင်းကကျေးရွာတွေ နဲ့ လမ်းတွေမှာ မိုင်းနဲ့ စစ်လက် နက်ပစ္စည်း အကြွင်းအကျန်တွေရှိနေပေမယ့် လက်ရှိတိုက်ပွဲအခြေအနေအရ လူထုကို အသိပညာ ပေးလုပ်ငန်းတွေ မလုပ်နိုင်သေးဘူးလို့ ဒေါ်စန္ဒာက ပြောပါတယ်။
“တိုက်ပွဲက ဆက်ဖြစ်နိုင်တယ်လေနော်။ ကျွန်မတို့လည်း မိုင်းအသိပညာပေး လုပ်ငန်းတွေက မလုပ်နိုင်သေးဘူး။ အရင်က ကွင်းဆင်းခဲ့တာပဲရှိတာ။ ဖုန်းလိုင်းလည်း မရှိတော့ အကုန်လုံး အဆက်သွယ်ပြတ်နေတာ။ အခုက အရင်ထက် ပိုဆိုးလာနိုင်တယ်”
အခုလ ၁၃ ရက်နေ့ကလည်း မုံးကိုးမြို့နယ် အတွင်းမှာ စပါးရိတ်နေတဲ့ အမျိုးသမီးတစ်ဦး မိုင်းနင်းမိလို့ ခြေထောက်နှစ်ဖက်စလုံးမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
မြောက်ပိုင်း ညီနောင်သုံးဖွဲ့ ရဲ့ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စတင်ပြီး မုံးကိုးမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၇ ရက် ဒီနေ့အထိ ကြူကုတ်ပန်ဆိုင်းနဲ့ မုံးကိုးမြို့တွေကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံက ပြောပါတယ်။
တိုက်ပွဲကြောင့် မုံးကိုးမြို့ပေါ်ကဒေသခံ ၈၀၀၀ ကျော် တရုတ်နယ်စပ် အနီးကို ထွက်ပြေးခဲ့ရပြီး လက်ရှိမှာတော့ မြို့ခံအချို့ မိမိနေအိမ်တွေကို ပြန်လာနေကြပြီလို့ ဒေသခံက ပြောပါတယ်။