ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်ခတ်သတ်ဖြတ်မှု သံဃာတော်တွေ ပြင်းပြင်းထန်ထန်ကန့်ကွက်
2024.06.21

ဝင်းနိမ္မိတာရုံကျောင်းတိုက် နာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်မှုဟာ ထိတ်လန့်ဖွယ်ကောင်းပြီး ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မန္တလေး သံဃသမဂ္ဂက ဇွန်လ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်ကောင်စီအနေနဲ့ ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ လိမ်လည်သတင်းအမှားထုတ်ပြန်မှုဟာလည်း စက်ဆုပ်ဖွယ်ရာဖြစ်တယ်လို့ ဆိုပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ဟာ စာသင်သား တပည့်သံဃာတော်တွေရဲ့ ရှေ့ဆောင်လမ်းပြ အာဇာနည်ပုဂ္ဂိုလ်တစ်ပါးဖြစ်ပြီး သူပျံလွန်သွားမှုဟာ သာသနာနဲ့ နိုင်ငံတော်အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ မန္တလေး သံဃသမဂ္ဂအဖွဲ့က ဆိုပါတယ်။
အလားတူ ဝင်းနိမ္မိတာရုံကျောင်းတိုက် စာသင်သားဟောင်း တပည့်သံဃာတော်တွေကလည်း ဆရာတော်သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး ဇွန်လ ၂၁ ရက်နေ့မှာပဲ ကြေညာချက်ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ ဆရာတော်ကြီးအားသတ်ဖြတ်ခြင်းနည်းတူ တစ်နိုင်ငံလုံးအနှံ့ ပြည်သူတွေကို အကြောင်းမဲ့သတ်ဖြတ်မှုတွေ၊ ကျေးရွာတွေ နေ့စဉ် မီးရှို့တာတွေ နဲ့ အကြမ်းဖက်လုယက်မှုတွေ တနေ့တခြား ဆိုးရွားလာနေကြောင်း စစ်ကောင်စီတပ်ရဲ့ ဒီလိုအကြမ်းဖက်မှုတွေ အဆုံးသတ်အောင် နိုင်ငံတစ်ဝန်းက ရဟန်းရှင်လူ ပြည်သူတွေ လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
သီတဂူစတား ဆရာတော် ဒေါက်တာ ကောဝိဒသီရိ ကလည်း ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းမဆုံးဖြစ်ရကြောင်း၊ အဖြစ်မှန်ကို တာဝန်ယူလိုစိတ်၊ သူတော်ကောင်းစိတ်မွေး ဝန်ခံပြီး သံဃာတွေကို တောင်းပန်သင့်ကြောင်း ဇွန်လ ၂၀ ရက်နေ့က လူမှုကွန်ရက်ကတစ်ဆင့် မိန့်ကြားတောင်းဆိုပါတယ်။
ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဟာ ဇွန် ၁၉ ရက်နေ့က မန္တလေးကို လေယာဉ်နဲ့ကြွချီစဉ် တံတားဦးလေဆိပ်အထွက်မှာ ကားကိုသေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ပျံလွန်တော်မူခဲ့ရတာပါ။